အိမ်နီးချင်းနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ရည်ရွယ်ပြီး ထိုင်း- မြန်မာချစ်ကြည်ရေး ဂီတပွဲကျင်းပမည်

ရန်ကုန်  ၁၆  မတ်  


 
မြန်မာနိုင်ငံ ပညာရေးနှင့်သဘာဝဘေးအန္တရာယ် ရန်ပုံငွေပွဲအဖြစ် ထိုင်း - မြန်မာ ချစ်ကြည်ရေး ဂီတပွဲတော်ကို လာမည့်ဧပြီ ၆ ရက်နှင့် ၇ ရက်တို့တွင် ထိုင်းနိုင်ငံမဟာချိုင်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ထိုင်း- မြန်မာဂီတပွဲတော်ကို ထိုင်းနိုင်ငံ Pitak Phum ဖောင်ဒေးရှင်းမှ ဦးဆောင် ကျင်းပခြင်း ဖြစ်ပြီး ထိုင်းဘတ် နှစ်သန်း မတည်ကာ ယင်းနေ့တွင် ထိုင်းနိုင်ငံတစ်ဝန်း ရုပ်သံအများစုမှ Live ထုတ်လွှင့်ပြသ မည်ဖြစ်သည်။  မြန်မာနိုင်ငံမှ အဆိုပါဂီတပွဲသို့ သွားရောက်ကြည့်ရှုအားပေးမည့် ပရိသတ်များအနေဖြင့် အသွား/အပြန် လေယာဉ်စရိတ်၊ တည်းခိုစရိတ်နှင့် လည်ပတ်စရိတ်များအပါအဝင် အမေရိကန်ဒေါ် ၄၀ဝ ပေးဆောင်ရမည်ဖြစ်ပြီး မည်သူမဆို လိုက်ပါကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

 

 
“ဒီဂီတပွဲတော်က ဗုဒ္ဓဘာသာဝင် အိမ်နီးချင်းနိုင်ငံနှစ်ခု ချစ်ကြည်ရင်းနှီးမှုကို ရည်ရွယ်ပြီး စီစဉ်ကျင်းပတာဖြစ် ပါတယ်။ ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်နေတဲ့ လူငယ်တွေအနေနဲ့လည်း ဒီဂီတာပွဲက အားအင်တစ်ခု ဖြစ်စေမည့်အပြင် လူငယ်တွေကို အတားအစီးမရှိ ဒီပွဲကိုလာရောက် အားပေးလို့ရအောင်လည်း စီစဉ်ပေးထား ပါတယ်” ဟု ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက်မှ ဆရာတော် အရှင်ကုမာရက ပြောကြားခဲ့သည်။

 

နှစ်နိုင်ငံဂီတပွဲတွင် အိမ်ရှင် ထိုင်းနိုင်ငံဘက်မှ နာမည်ကြီးအဆိုတော် ခုနစ်ဦး ပါဝင်သီဆိုမည်ဖြစ်ပြီး မြန်မာ နိုင်ငံမှ အဆိုတော်/ အနုပညာရှင်များဖြစ်သော ဖိုးကာ၊ ထူးအယ်လင်း၊ နေထက်လင်း၊ ရိန်းမိုး၊ ခွန်းဆင့်နေခြည်၊ ခိုင်နှင်းဝေ၊ ဆုပန်ထွာ၊ ဧကရီမိုးပိုင်၊ ရတနာ၊ အေးချမ်း၊ ကေသီခိုင်ဝင်း စသော တေးသံရှင်များ သွားရောက် ဖျော်ဖြေမည်ဖြစ်ပြီး ရုံဝင်ကြေးအနေဖြင့် ထိုင်းဘတ် ၂၀ဝ နှင့် ၄၀ဝ သတ်မှတ်ပေးထားကြောင်း သိရသည်။ အဆိုပါ ဂီတပွဲမှ ရရှိသော အလှူငွေများကို ရခိုင်၊ ရှမ်း၊ မွန်၊ ချင်း စသော ဒေသများ၌ လိုအပ် နေသော ပညာရေးကဏ္ဍမြင့်မားရေးနှင့် သဘာဝဘေးအန္တရာယ် ထိခိုက်မှုများတွင် လှူဒါန်းထောက်ပံ့မှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

 

မောင်စိန်လွင်(မြန်မာ့အလင်း)