အိမ်မဲမြို့တည် သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရား ရုပ်ရှင်တော်မြတ်လုံးတော်ပြည့် ရွှေသင်္ကန်းနှင့် မသိုးသင်္ကန်း ကပ်လှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

အိမ်မဲ  ၂၅   အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့တည်သမိုင်းဝင် ရှင်ပင်ချမ်းသာကြီး ဘုရားရုပ်ရှင်တော်မြတ် လုံးတော်ပြည့် ရွှေသင်္ကန်းနှင့်မသိုး သင်္ကန်းကပ်လှူပူဇော်ပွဲကို နိုဝင်ဘာ ၁၁ ရက် ၁၂ ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

တန်ဆောင်မုန်းလတွင် မြတ်စွာဘုရားအား ရည်စူး၍ မသိုးသင်္ကန်း ကပ်လှူပွဲများ ကျင်းပကြသည်။ မသိုးသင်္ကန်းဆိုသည်မှာ နောက်တစ်နေ့သို့ ကူးမသွားစေဘဲ အရုဏ်မတက်မီ နေ့ချင်းပြီး ပြုလုပ်လှူဒါန်းသော သင်္ကန်းကိုဆိုသည်။ ယင်းမသိုးသင်္ကန်းကား ကထိန်သင်္ကန်းကို အတုယူ၍ ပြုလုပ်ဟန်တူသည်။

 

1

 

တန်ဆောင်မုန်း လဆန်း ၁၄ ရက်နေ့နေဝင်သည်နှင့် တစ်ပြိုင်နက် လူအများကို ဖိတ်ကြား၍ ဝါစေ့ကို ကြဲပက်ကြရသည်။ ဤကဲ့သို့စတိကြဲပက်ပြီးလျှင် ဝါပေါက်ကိုကောက်၍ ဝါဖန်ကြ၏။ ဝါကြိတ်ကြ၏။ ရသောဝါ ဂွမ်းကို ဖတ်ကြရသည်။ တစ်ဖန် ဂွမ်းဖတ်ကို ဗိုင်းတောင့် လိပ်ကြပြန်သည်။ ဗိုင်းတောင့်ကို ခြည်ငင်ကြ၏။ ချည်ခင်ကို ယောက်ကြ၏။ ယောက်ပြီး ချည်ခင်ကို ချည်ဆိုး၊ အစာတင်ပြီးလျှင် မီးတွင်လှန်းကြ၏။ သွေ့ခြောက်အောင်လှန်းပြီး ချည်ကို ရက်ဖောက်ယောက်ကြ၏။ ရက်ဖောက်ယောက်ပြီးလျှင် ရက်ကန်းရှယ်ကြသည်။ ရှယ်ပြီးလျှင် ရက်ကန်းစင်သို့တင်၍ လျင်မြန်စွာ ဆက်လျက် သင်္ကန်းဖြစ်အောင် ရက်ကြရသည်။ နေအရုဏ် မတက်မီ ရက်ပြီးချုပ်ပြီး၍ ရသောသင်္ကန်းကို မြတ်စွာဘုရားအား ရည်စူး၍ ကပ်လှူကြရာ ထိုသင်္ကန်းကို မသိုးသင်္ကန်းဟု ခေါ်ကြောင်း မြန်မာ့စွယ်စုံကျမ်း အတွဲ(၈) မှသိရသည်။

 

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)