အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၂ ဦးထပ်မံတွေ့ရှိ

အိမ်မဲ   ဇူလိုင်   ၁၈

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ မြို့နယ်တွင်း ၁၉ ဦး၊ မြို့နယ်ပြင်ပတွင် သုံးဦး စုစုပေါင်း ၂၂ ဦးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဇူလိုင် ၁၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။

 

ပိုးတွေ့လူနာများအနက် အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီးတစ်ဦး၊ လက်ထောက်ဆရာဝန်တစ်ဦး၊ အထက်တန်းသူနာပြု တစ်ဦးတို့ပါဝင်ကြပြီး ပိုးတွေ့လူနာ ကိုးဦးအား ကိုဗစ်-၁၉ Treatment Center (ရွာသစ်)၊ ပိုးတွေ့လူနာ ၁၃ ဦးအား ကိုဗစ်-၁၉ Treatment Center( အိမ်မဲမြို့ ရွှေလင်းယုန်အားကစားကွင်း)သို့ ဆေးဝါးကုသမှုများ ခံယူနိုင်ရန် လွှဲပြောင်းပေးပို့ပြီး ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှင့် ထိတွေ့သူများအား အသွားအလာကန့်သတ်၍ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပိုးတွေ့လူနာ ၂၂ ဦးထဲမှ လူနာ သုံးဦးမှာ ဇူလိုင် ၁၇ ရက်တွင် သေဆုံးခဲ့ကြောင်းသိရသည်။

 

အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာဦးရေမှာ ဇွန် ၂၅ ရက်မှ ဇူလိုင် ၁၇ ရက် ညနေ ၅ နာရီခွဲအထိ ၁၈၅ ဦး၊ ဆေးရုံဆင်းလူနာ ၄၉ ဦး၊ ကုသမှုခံယူနေသူ ၁၃၂ ဦး၊ သေဆုံးလူနာ လေးဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)