အိမ်ခြံဝင်း ဥယျာဉ်စိုက်ပျိုးရေး ဟင်းသီးဟင်းရွက် မျိုးစေ့ပျိုးပင်များ ထောက်ပံ့ပေးအပ်

နေပြည်တော် ၉ ဧပြီ

နိုင်ငံ့ဝန်ထမ်းမိသားစုများ၏ မီးဖိုချောင်ကုန်ကျစရိတ် လျှော့ချနိုင်စေရန်၊ ဘေးကင်း၍ အာဟာရပြည့်ဝသည့် သီးနှံများကို အချိန်မရွေး လတ်လတ်ဆတ်ဆတ် ခူးဆွတ်စားသုံးနိုင်စေရန်၊  ပိုလျှံသည်များကို အိမ်နီးချင်းများနှင့် ဝေမျှစားသုံးနိုင်ခြင်းဖြင့် ကောင်းမွန်သည့် အသိုက်အဝန်း တစ်ခုဖန်တီးနိုင်ကြစေရန်တို့ကိုရည်ရွယ်၍ မိသားစု အိမ်ခြံဝန်းစိုက်ခင်းများ ပိုမိုဖွံ့ဖြိုးလာစေရန် မျိုးစေ့ပျိုးပင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် လှဖြူပြာ ၁ လမ်း၌ ကျင်းပသည်။

အခမ်းအနားတွင်    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက မျိုးစေ့ပျိုးပင်များနှင့် ကျန်းမာရေးသုံး ပစ္စည်းများအား ပေးအပ်ရာ ဝန်ထမ်းမိသားစုများကိုယ်စား တိုက်တာဝန်ခံများက လက်ခံရယူခဲ့ကြသည်။

ဒုတိယဝန်ကြီးက ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံစဉ် မိသားစု အိမ်ခြံဝန်းစိုက်ခင်းများ ပိုမိုဖွံ့ဖြိုးလာပါက အားလပ်ချိန်တွင် သီးပင်စားပင်များအား ပြုစုစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရသဖြင့် ပြင်ပသွားလာမှုများကို လျှော့ချနိုင်မည်ဖြစ်ပြီး၊ ကိုယ်လက်လှုပ်ရှားမှုနှင့် ခန္ဓာကိုယ်အား နေရောင်ခြည်ထိတွေ့စေခြင်းတို့ကြောင့် ကိုယ်ခံအားကိုပါ မြှင့်တင်ပေးနိုင်မည် ဖြစ်သည့်အတွက် အိမ်တိုင်း မိသားစုတိုင်းက မြေလွတ်နေရာများတွင် သီးနှံပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြစေလိုကြောင်း၊ အိမ်ခြံဝင်းအတွင်း စိုက်ပျိုးမြေ ဧရိယာအနည်းငယ်သာရှိပါက ငရုတ် သံပုရာကဲ့သို့သော အပင်ငယ်များကို ပန်းအိုးများဖြင့် စိုက်ပျိုးနိုင်သကဲ့သို့ ဟင်းသီးဟင်းရွက်များကို ပျိုးအိတ်၊ ပျိုးခွက်များဖြင့် စိုက်ပျိုးခြင်း၊ အဆင့်လိုက်စိုက်ပျိုးခြင်း (Verticulture)၊ အာဟာရရည်ဖြင့် စိုက်ပျိုးခြင်း စသည့် နည်းစနစ်များဖြင့်လည်း စိုက်ပျိုးနိုင်ကြောင်း ဆွေးနွေးပြောကြားပြီး မိသားစုဝင်များနှင့် မိမိပတ်ဝန်းကျင်၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လိုက်နာဆောင်ရွက်ဖွယ်ရာများကို မှာကြားသည်။

 

a

 


ထို့နောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများသည် ဝန်ထမ်းနေအိမ်ခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဆောင်ရွက်ထားရှိမှုနှင့် ဝန်ထမ်းမိသားစုစိုက်ခင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး အားပေးခဲ့ကြသည်။

ယနေ့ကျင်းပသည့် အိမ်ခြံဝင်း ဥယျာဉ်စိုက်ပျိုးရေး ဟင်းသီးဟင်းရွက် မျိုးစေ့ပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲတွင်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ စုပေါင်းစိုက်ပျိုးနိုင်ကြရန် တိုက် (၁)တိုက်လျှင် ချဉ်ပေါင်၊ သခွား၊ ရုံးပတီ၊ ငရုတ်၊ ခရမ်း၊ ဘူး၊ တိုင်ထောင်ပဲ၊ ကြက်ဟင်းခါး၊ ကျောက်ဖရုံ၊ ဟင်းနုနယ်၊ ရွှေဖရုံ အပါအဝင် ဟင်းသီးဟင်းရွက် မျိုးစေ့ အမျိုးအစား (၂၀)နှင့် ပျိုးပင်(၁၁)မျိုး၊  Medical Surgical Masks (၂)ထုပ်စီတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်