အီတလီစီးရီးအေ ပြန်လည်စတင်ရန် စောလွန်းနေသေးကြောင်း အီတလီအားကစားဝန်ကြီးပြောကြား

၅  မေ

အီတလီစီးရီးအေပြိုင်ပွဲ ပြန်လည်စတင်ရေးနဲ့ ပတ်သက်ပြီး ပြောကြားဖို့စောလွန်းနေသေးတယ်လို့ အီတလီ အားကစားဝန်ကြီး ဗင်ဆန်ဇိုစပါဒါဖိုရာက ပြောကြားခဲ့ပါတယ်။

လက်ရှိတွင် အီတလီစီးရီးအေကလပ် အသင်းများအား ၎င်းတို့ရဲ့ လေ့ကျင့်ရေးကွင်းတွေမှာ မေ ၄ ရက်ကစပြီး တစ်ဦးချင်းလေ့ကျင့်ရေး အစီအစဉ်တွေလုပ်ဆောင်ဖို့ ခွင့်ပြုပေးထားပြီးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းလိုက် လေ့ကျင့်ရေးအစီအစဉ်တွေကိုတော့ အစောဆုံး မေ ၁၈ ရက်အထိ ခွင့်ပြုပေးသွားမှာ မဟုတ်ဘဲ အီတလီစီးရီးအေပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် မတ် ၉ ရက်မှာ ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

အီတလီအစိုးရက စီးရီးအေပြိုင်ပွဲကို ခွင့်ပြုချက်ပေးမည့် ဆုံးဖြတ်ချက်မချရသေးကြောင်း ပြောကြားထားပေမယ့် စီးရီးအေနဲ့ အီတလီဘောလုံးအဖွဲ့ချုပ်တို့ကတော့ ဘောလုံးရာသီပြီးစီးရေး ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ဥရောပတစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါကြောင့် အားကစားပြိုင်ပွဲတွေ ရပ်နားထားခဲ့သလို ပြင်သစ်လိဂ် ပြိုင်ပွဲကတော့ အပြီးတိုင် ဖျက်သိမ်းလိုက်ပြီဖြစ်လို့ ပီအက်စ်ဂျီအသင်းကို ချန်ပီယံအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲကတော့ ပြိုင်ပွဲပြန်လည်စတင်မယ့် ဥရောပရဲ့ ပထမဆုံး ပြိုင်ပွဲဖြစ်လာဖို့ ရှိနေတာဖြစ်ပါတယ်။ ဘွန်ဒက်လီဂါ တာဝန်ရှိသူတွေအနေနဲ့ ပြိုင်ပွဲကို မေ ၉ ရက်မှ စတင်နိုင်ဖို့ အကြံပြုထားပြီး ဂျာမနီအစိုးရကတော့ အဲဒီဆုံးဖြတ်ချက်ကို အချိန်ဆွဲထားတဲ့အပြင် မေ ၁၆ ရက် ဒါမှမဟုတ် မေ ၂၃ ရက်မှာ ပြန်လည်စတင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ စပိန်နိုင်ငံမှာတော့ အစိုးရက ဘောလုံးပြိုင်ပွဲတွေ ပြန်လည်စတင်ရေး အစီအစဉ်ကို အတည်ပြုခဲ့တာကြောင့် လာလီဂါအသင်းတွေအနေနဲ့ မကြာမီကာလအတွင်းမှာ လေ့ကျင့်ရေးဆင်းဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

ငွေကြယ်