အီရတ်နိုင်ငံ ကော့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်အား တိုက်ခိုက်ခဲ့မှုအတွက် ဖြေရှင်းချက်ပေးရန် အီရန်အားတောင်းဆို

ဘဂ္ဂဒက် မတ် ၁၅

 

အီရတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အာဘယ်မြို့အား အီရန်က ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုအပေါ် ဖြေရှင်းချက်ပေးရန် အီရတ်က ယမန်နေ့တွင် တောင်းဆိုခဲ့သည်။

 

ယခုအီရန်၏တိုက်ခိုက်မှုသည်မိမိတို့ နှစ်နိုင်ငံအကြား မိတ်ဆွေကောင်းများအဖြစ် ရပ်တည်နေမှုကို ဆန့်ကျင်ရာရောက်ပြီး နိုင်ငံတကာဥပဒေကိုလည်း ချိုးဖောက်ရာရောက်ကြောင်း အီရတ်နိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေး၌ အီရတ်ဝန်ကြီးချုပ် မူစတာဖာအယ်လ်ခါ ဒါမီက ပြောကြားသည်။

 

အီရတ်နိုင်ငံသည် အဆိုပါကိစ္စ ဖြေရှင်းဆောင်ရွက်ရန် သံတမန်နည်းလမ်းအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

 

ထို့ပြင် အီရတ်နိုင်ငံ၏ နယ်မြေများကို အသုံးပြု၍ အိမ်နီးချင်းနိုင်ငံများအား တိုက်ခိုက်ရန် ဆောင်ရွက်မှုများကိုလည်း အီရတ်နိုင်ငံက ခွင့်ပြုသွားမည်မဟုတ်ကြောင်း အဆိုပါကောင်စီက ပြောကြားသည်။

 

အဆိုပါဒုံးကျည်ဖြင့် တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း အီရန်တပ်ဖွဲ့များက တာဝေးပစ်ဒုံးကျည်များဖြင့် အာဘယ် မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံး အဆောက်အအုံနှင့်အနီးအနားရှိ လူနေအိမ်များအား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံများစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ