အီရန်က အစ္စရေးအပေါ် ခြိမ်းခြောက်မှုကို ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ပြစ်တင်ရှုတ်ချ

ဘရပ်ဆဲလ် ၂၃ မေ


ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲနှင့် အဆင့်မြင့်ကိုယ်စားလှယ်ဖြစ်သူ ဂျိုးဆက်ပ်ဘောရယ်က အီရန်ခေါင်းဆောင် အယာတိုလာအလီ ခါမေနီ၏ အစ္စရေးကို ခြိမ်းခြောက် မှုသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေခြင်း ဖြစ်သည်ဟု ဆိုကာ မေ ၂၁ ရက်က ပြောကြား လိုက်သည်။


ခါမေနီ၏မှတ်ချက်ပြု ပြောစကားက မီးပွားပမာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို စိတ်ဆိုးဒေါသထွက်သည့် တုံ့ပြန်မှုများ ဖြစ်ပေါ်စေပြီးနောက် ဂျိုးဆက်ပ်ဘောရယ် က တွစ်တာတွင် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။


ခါမေနီ၏ အစ္စရေးအပေါ် ခြိမ်းခြောက်မှုအပေါ် မိမိအနေဖြင့် အပြင်းအထန် ပြစ်တင်ရှုတ်ချကြောင်း ဘောရယ်က တွစ်တာတွင် ဆက်လက် ရေးသားထားသည်။ ယခုကိစ္စသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုခြိမ်းခြောက်သည့် ကိစ္စဖြစ်ကြောင်း၊ အစ္စရေးနိုင်ငံ၏ လုံခြုံဘေးကင်းရေးသည် အရေးကြီးကြောင်းနှင့် ဥရောပ သမဂ္ဂအနေဖြင့် အစ္စရေးဘက်တွင် အမြဲတမ်းရပ်တည်သွားမည် ဖြစ်ကြောင်း ဂျိုးဆက်ပ်ဘောရယ်က ကြေညာလိုက်သည်။


ခါမေနီ၏ မေ ၂၀ ရက်က တွစ်တာပေါ်တွင် ရေးသားထားသော မှတ်ချက်စကားအပေါ် ဂျိုးဆက်ပ်ဘောရယ်က ပါရှားဘာသာစကား (ဖာစီ)၊ အင်္ဂလိပ် နှင့် အာရေဗျဘာသာစကားများဖြင့် ပြန်လည်တုံ့ပြန် ပြောကြားလိုက်ခြင်းဖြစ်သည်။ ဂျူးဝါဒကို နှိမ်နင်းလိုက်ခြင်းသည် ဂျူးများကို နှိမ်နင်းခြင်း မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် ဂျူးများကို မဆန့်ကျင်ကြောင်း၊ ခါမေနီ က ပြောကြားလိုက်သလို သူ့အနေဖြင့် နေတန်ယာဟုကဲ့သို့ လူမျိုးကိုသာ ဖယ်ရှားလိုခြင်းဖြစ်ကြောင်း ဆက်လက် ပြောကြားလိုက်သည်။ ထို့အပြင် မည်သည့်နိုင်ငံ မည်သည့် အုပ်စုက ဂျူးဝါဒကို ဆန့်ကျင် တိုက်ဖျက်သည် ဖြစ်ပါစေ မိမိအနေဖြင့် ကူညီရန် အဆင်သင့်ရှိကြောင်းလည်း ခါမေနီက ပြောသည်။
ခါမေနီ၏ မှတ်ချက်စကားအပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက ပြစ်တင်ရှုတ်ချလိုက် သလို နေတန်ယာဟုကလည်း ပြန်လည်ခြိမ်းခြောက် ပြောကြားလိုက်ကြောင်း သိရသည်။ အစ္စရေးကို ခြိမ်းခြောက်သည့် မည်သည့်အစိုးရမဆို အလားတူ ဒုက္ခများပြန်လည် ခံစားစေရမည်ဟု နေတန်ယာဟုက လည်း တွစ်တာပေါ်တွင် ပြန်လည်ရေးသားလိုက်သည်။

 

အေအက်ဖ်ပီ