အီရန်ဗိုလ်ချုပ်ကြီး အသတ်ခံရမှုနှင့် ပတ်သက်၍ ဒေါ်နယ်ထရမ့်အား ဖမ်းဆီးရန် အီရတ်တရားရုံး အမိန့်ထုတ်ပြန်

ဘဂ္ဂဒက်၊ ၇ ဇန်နဝါရီ

 

ယမန်နှစ် ဇန်နဝါရီ ၃ ရက်က အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်လေဆိပ်၌ အမေရိကန်တပ်ဖွဲ့၏ ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် အီရန်တပ်မှူး ဗိုလ်ချုပ်ကြီး ကာဆိမ်ဆိုလေမာနီနှင့်အတူ သေဆုံးခဲ့သည့် အီရတ်ပြည်သူ့စစ် ဒုတိယတပ်မှူး သေဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်းအနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ဖမ်းဆီးရန် အီရတ်တရားရုံးတစ်ရုံးက ယနေ့အမိန့်ထုတ်ပြန်လိုက်သည်။

 

အီရန်အစိုးရလိုလားသော အီရတ်နိုင်ငံ၏ ဟာ့ရှ်အယ်လ်ရှာဘီပြည်သူ့စစ် ဒုတိယတပ်မှူး အာဘူမာဒီအယ်လ် မူဟန်ဒီသည် ယမန်နှစ် ဇန်နဝါရီ ၃ ရက်က ဘဂ္ဂဒက်လေဆိပ်အနီး အမေရိကန်တပ်ဖွဲ့၏ မောင်းသူမဲ့ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုတွင် အီရန်တပ်မှူး ဗိုလ်ချုပ်ကြီး ကာဆိမ်ဆိုလေမာနီနှင့်အတူ သေဆုံးခဲ့ခြင်းဖြစ်သည်။

 

ယမန်နှစ်က ဆိုလေမာနီတို့ စီးနင်းလိုက်ပါသောယာဉ်တန်းအပေါ် တိုက်ခိုက်မှုကို သမ္မတဒေါ်နယ်ထရမ့်က အမိန့်ပေးသည်ဟု ဆိုသည်။

 

တစ်ချိန်တည်းမှာပင် လူသတ်မှုဆိုင်ရာကုလသမဂ္ဂ၏ အထူးအစီရင်ခံစာတင်သွင်းသူ အာ့ခ်နက်စ်ကော်လာမန့်က ဒရုန်းလေယာဉ်ဖြင့် အမေရိကန်တပ်ဖွဲ့၏ တိုက်ခိုက်မှုတွင် အာဘူမာဒီအယ်လ်မူဟန်ဒီနှင့် ဆိုလေမာနီတို့ သေဆုံးမှုသည် တစ်ဖက်သတ်ဆန်ပြီး မတရားသောလုပ်ရပ်ပင်ဖြစ်သည်ဟု ဖော်ပြထားသည်။

 

ထို့အတူ အီရန်နိုင်ငံလည်း တပ်မှူးဗိုလ်ချုပ်ကြီး ဆိုလေမာနီ အသတ်ခံရမှုနှင့် ပတ်သက်၍ ဒေါ်နယ်ထရမ့်ကို ဥပဒေပုဒ်မ ၄၀၆ ဖြင့် ဖမ်းဆီးရန် ယမန်နှစ် ဇွန်လက အမိန့်ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်ကို အနီရောင်သတိပေးချက် တစ်ခုအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ အခြားရဲတပ်ဖွဲ့များသို့ လွှဲပြောင်းပေးရန် နိုင်ငံတကာရဲတပ်ဖွဲ့ကို မေတ္တာရပ်ခံခဲ့သည်။ သို့သော် ယင်းမေတ္တာရပ်ခံချက်ကို အင်တာပိုလ်အနေဖြင့် လက်ရှိအချိန်အထိ ဖြည့်ဆည်းပေးခြင်းမရှိသေးကြောင်း သိရသည်။

 

ဆိုလေမာနီနှင့် မူဟန်ဒီသေဆုံးမှုနှင့် ပတ်သက်၍ ကနဦးစုံစမ်းစစ်ဆေးမှု အပြီးသတ်ခဲ့သော်လည်း ယင်းရာဇဝတ်မှုကျူးလွန်ခဲ့သည့် အခြားတရားခံအမှန်အား ဖော်ထုတ်နိုင်ရန်အလို့ငှာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရားရုံးက ထပ်မံပြောကြားသည်။

 

ကိုးကား - အေအက်ဖ်ပီ     

ဘာသာပြန် - ဂျေတီ