အီလက်ထရွန်နစ်မဲပေးခြင်း (Electronic Voting)

သုတကျော်

နိဒါန်း

အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်း (E-voting) ကို ကမ္ဘာ့အကြီးမားဆုံးသော ဒီမိုကရေစီနိုင်ငံများတွင် အသားကျ ကျင့်သုံးဆောင်ရွက်လျက်ရှိသည်။  နိုင်ငံပေါင်းများစွာတို့တွင်လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ အမျိုးမျိုးသောကဏ္ဍတို့ကို တိုးတက်ဖွံ့ဖြိုးစေလိုသည့် ရည်ရွယ်ချက်ဖြင့် အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်းစနစ်ကို စတင်မိတ်ဆက်အသုံးပြုနေကြပြီ ဖြစ်သည်။ အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်းကို ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲမှုအပေါ် ယုံကြည်မှုတည်ဆောက်ရေး၊ ရွေးကောက်ပွဲရလဒ်များအပေါ် အများယုံကြည်မှု မြင့်တက်လာရေးနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံး၏ စွမ်းဆောင်နိုင်ရည် မြင့်မား စေရေးတို့အတွက် ကိရိယာတစ်ခုအဖြစ် အသုံးပြုကြသည်။ 

အီလက်ထရွန်နစ်မဲပေးခြင်း (Electronic Voting)

အီလက်ထရွန်နစ် မဲပေးခြင်းဆိုသည်မှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ အဓိကနေရာတွင်ရှိသည့် မဲပေးခြင်း သို့မဟုတ် မဲထည့်ခြင်းနှင့် မဲရေတွက်ခြင်းစသည်တို့ကို အီလက်ထရွန်နစ်နည်းလမ်းဖြင့် အသုံးပြုခြင်းဖြစ်သည်။ အီလက်ထရွန်နစ်မဲပေးခြင်း E-voting သည် သီးခြား အီလက်ထရွန်နစ်မဲပေးစက်များ အသုံးပြု၍ မဲပေးခြင်း သို့မဟုတ် အင်တာနက်နှင့် ချိတ်ဆက်ထားသော ကွန်ပျူတာများကို အသုံးပြု၍မဲပေးခြင်းတို့ဖြစ်သည်။

အီလက်ထရွန်နစ်နည်းလမ်းကို အသုံးပြု၍ မဲပေးခြင်း၏ ရည်ရွယ်ချက်

အီလက်ထရွန်နစ်နည်းလမ်းကိုအသုံးပြု၍ မဲပေးခြင်း၏ ရည်ရွယ်ချက်များမှာ ပုံမှန်ဖြစ်ပေါ်နေသော ရွေးကောက်ပွဲမသမာမှုများကို တားဆီးနိုင်ရန်၊ ရွေးကောက်ပွဲအပေါ် အားထားယုံကြည်နိုင်စွမ်း တိုးမြင့်လာရန်၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် လူမှတိုက်ရိုက် ထိန်းချုပ်ခြင်းနှင့် ထိုလုပ်ငန်းစဉ်အတွင်း လွှမ်းမိုးမှုကို လျှော့ချနိုင်ရန်၊ ရွေးကောက်ပွဲရလဒ်များတွက်ချက်သည့် လုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်စေရန်နှင့် ဆန္ဒမဲပေးရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်တို့ ဖြစ်သည်။ ထို့ပြင် အချို့သောအခြေအနေများ၌ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများတွင် အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်းကို ရွေးကောက်ပွဲများ သို့မဟုတ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများတွင် ဆက်တိုက်အသုံးပြုနိုင်မည်ဆိုလျှင် ရေရှည်တွင် ကုန်ကျစရိတ်များကို သက်သာစေနိုင်ပါသည်။ အထူးသဖြင့် မဲလက်မှတ်စာရွက်များကို ပုံနှိပ်ဖြန့်ဝေခြင်း၊ ရွေးကောက်ပွဲပြီးနောက် မဲလက်မှတ်စာရွက်များကို ပို့ဆောင်ခြင်းနှင့် သိုလှောင်သိမ်းဆည်းမည့် ကုန်ကျစရိတ်များကို လျှော့ချနိုင်ပါသည်။

အီလက်ထရွန်နစ်နည်းလမ်းဖြင့် မဲပေးခြင်းကို အသုံးပြု/အသုံးမပြုသော နိုင်ငံများ 

ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီအစီရင်ခံစာ ၂၀၂၁ တွင် ဖော်ပြချက်အရ အီလက်ထရွန်နစ်နည်းလမ်းဖြင့် မဲပေးခြင်းနည်းလမ်းကို အသုံးပြု/ အသုံးမပြုသော နိုင်ငံများမှာဖော်ပြပါအတိုင်းဖြစ်သည်- 

စဉ်    E-Voting အသုံးပြုမှု    အရေအတွက်

၁    ဥပဒေပြုလွှတ်တော်/ ပါလီမန်ရွေးကောက်ပွဲများတွင် အသုံးပြုသည့်နိုင်ငံများ ၂၈ နိုင်ငံ

၂    ပြည်နယ်ရွေးကောက်ပွဲ/ဒေသန္တရ ရွေးကောက်ပွဲများတွင် အသုံးပြုသည့်နိုင်ငံများ၁၇ နိုင်ငံ

၃    ရွေးကောက်ပွဲကော်မရှင်၏ကြီးကြပ်မှုဖြင့် ကျင်းပသည့် ရွေးကောက်ပွဲ (ဥပမာ-Trade Union Election အစရှိသည့်) များတွင် အသုံးပြုသည့်နိုင်ငံများ ၄ နိုင်ငံ

၄    Electronic Voting အသုံးမပြုသည့်နိုင်ငံများ ၁၄၃ နိုင်ငံ

၅    မှတ်တမ်းမရှိသည့်နိုင်ငံ ၁ နိုင်ငံ စုစုပေါင်း ၁၉၃ နိုင်ငံ

အီလက်ထရွန်နစ်နည်းလမ်းဖြင့် မဲပေးခြင်း၏ စိန်ခေါ်မှုများနှင့် ဖြေရှင်းရန် နည်းလမ်းများ

အီလက်ထရွန်နစ်နည်းဖြင့် မဲပေးရာတွင် နည်းပညာများသည် ရွေးကောက်ပွဲဆိုင်ရာ ပြဿနာဟောင်းများဖြေရှင်းရန် အခွင့်အလမ်းများရှိပါသည်။ သို့ရာတွင် ပြဿနာအသစ်များကိုလည်း မိတ်ဆက် ခေါ်ဆောင်လာတတ်ပါသည်။ အချို့သောကိစ္စရပ်များတွင် ဥပဒေပိုင်းဆိုင်ရာနှင့်စပ်လျဉ်း၍ စိန်ခေါ်မှုများရှိသည်။ ထိုစိန်ခေါ်မှုအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင် ဖြည့်စွက်ခြင်းဖြင့် ဖြေရှင်းနိုင်ပါသည်။ မဲပေးခြင်းဆိုင်ရာ နည်းပညာ အသစ်အပေါ် အယုံအကြည်မရှိခြင်း သို့မဟုတ် ပြောင်းလဲမည့် နည်းစနစ်ကို လက်ခံရန် ခက်ခဲခြင်းစသည့် စိန်ခေါ်မှုများလည်း ရှိပါသည်။ ထို့ကြောင့် မဲဆန္ဒရှင်များ၊ ရွေးကောက်ပွဲစီမံခန့်ခွဲသူများနှင့် နည်းပညာအသစ်ကို မိတ်ဆက်ခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ရပါမည်။ အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်းမှာ အီလက်ထရွန်နစ်စနစ်များ၊ အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်းဆိုင်ရာလုပ်ငန်း လုပ်ဆောင်မှုအဆင့်များသည်  ရှုပ်ထွေးမှုများကြောင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ယုံကြည်မှုလျော့ပါးသွားစေနိုင်သည်။ ထို့ကြောင့် အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်းကို မိတ်ဆက်ရာတွင် လုံလောက်သောအချိန်နှင့် အရင်းအမြစ်များကို အသုံးပြုခြင်း၊ အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်ကို မဲရုံဝန်ထမ်းများက နားလည်ကျွမ်းကျင်မှုရှိစေရန် လေ့ကျင့်သင်တန်းပေးခြင်း၊ ရှင်းလင်းလွယ်ကူသောဒီဇိုင်းကို  ဖန်တီးအသုံးပြုခြင်း၊ ရှင်းလင်းလွယ်ကူသော နည်းစနစ်များကို အသုံးပြုခြင်းတို့ဖြင့် ဖြေရှင်းနိုင်ပါသည်။ 

အသုံးများသော အီလက်ထရွန်နစ်မဲပေးခြင်းနှင့် ရေတွက်ခြင်းနည်းပညာများ

တစ်ကမ္ဘာလုံးတွင် အသုံးပြုနေသော အီလက်ထရွန်နစ်မဲပေးခြင်းနှင့် ရေတွက်ခြင်း နည်းပညာများစွာရှိပါသည်။ အသုံးပြုထားသော နည်းပညာအမျိုးမျိုးသည် ၎င်းတို့ကို အလွယ်တကူ အမျိုးအစားခွဲရန် ခက်ခဲပါသည်။ အသုံးအများဆုံး နည်းပညာအမျိုးအစားများကို အောက်ပါအတိုင်းလေးမျိုး ခွဲခြားသတ်မှတ်ထားပါသည် -

(က)    တိုက်ရိုက်မှတ်တမ်းတင် အီလက်ထရွန်နစ် မဲပေးစက်စနစ် (Direct Recording Electronic System - DRE)။ အီလက် ထရွန်နစ်မဲပေးစက်များ (Electronic Voting Machine-EVM) ဟု မကြာခဏ ရည်ညွှန်းလေ့ရှိသော တိုက်ရိုက်မှတ်တမ်းတင် အီလက်ထရွန်နစ်မဲပေးစက်များ (Direct Recording Electronic voting machines-DRE) တွင် မဲဆန္ဒရှင်တစ်ဦးအား အီလက်ထရွန်နစ်စနစ်ဖြင့် မဲပေးခွင့်ပြုရန် ကီးဘုတ် (Keyboard)၊ ထိတွေ့မျက်နှာပြင် (Touch Screen)၊ မောက်စ် (Mouse)၊ ဘောပင် သို့မဟုတ် အခြား အီလက်ထရွန်နစ်စက်ပစ္စည်းများကို အသုံးပြုကြသည်။ DRE များကို အဝေးထိန်းမဟုတ်သော၊ ကြီးကြပ်ထားသော နေရာများ (မဲရုံများ)တွင် အသုံးပြုပါသည်။ DRE စနစ်သည် မဲဆန္ဒရှင်များ၏ ရွေးချယ်မှုများကို ဖမ်းယူပြီး စက်ထဲတွင် ၎င်းတို့၏ မဲပေးမှုဆိုင်ရာ အီလက်ထရွန်နစ်မှတ်တမ်းကို သိမ်းဆည်းထားသည်။ DRE စက်များကို မဲပေးချက်မှန် မမှန် အတည်ပြုစက် (VVPAT, or Voter-Verified Paper Audit Trail) ဖြင့် တွဲဖက်၍ဖြစ်စေ သို့မဟုတ် တွဲဖက်ခြင်း မပြုလုပ်ဘဲဖြစ်စေ အသုံးပြုနိုင်သည်။ မဲဆန္ဒရှင်ရွေးချယ် လိုက်သည့် ဆန္ဒမဲများအတွက် VVPAT များက မဲပေးခြင်းဆိုင်ရာ အထောက်အထားအဖြစ် စက္ကူစလစ်ဖြတ်ပိုင်းများကို ပရင့်ထုတ်ပေးခြင်းဖြစ်သည်။ VVPAT များပါရှိသော DRE များသည် VVPAT မပါသော DRE များထက် အားသာချက်ရှိသည်။ အကြောင်းမှာ စာရွက်မှတ်တမ်းသည် မဲဆန္ဒရှင်အား ပိုမိုပွင့်လင်းမြင်သာမှုကို ပေးစွမ်းနိုင်သောကြောင့် ပိုမိုယုံကြည်မှုရှိလာစေသည်။ VVPAT ပါရှိသော DRE များသည် ရွေးကောက်ပွဲစီမံခန့်ခွဲမှုအဖွဲ့များ (EMBs)နှင့် ရလဒ်များကို စစ်ဆေးရန် သို့မဟုတ် ပြန်လည်ရေတွက်ရန် ကြီးကြပ်သူများကို အထောက်အကူဖြစ်စေပါသည်။ မဲလက်မှတ်ဒီဇိုင်းကို ရွေးချယ်သတ်မှတ်ရာတွင် သတိပြုရန် အရေးကြီးပါသည်။

( ခ )    အီလက်ထရွန်နစ်မဲလက်မှတ်ထုတ် ပရင်တာ(Electronic Ballot Printers - EBPs)။ အီလက်ထရွန်နစ်မဲလက်မှတ်ထုတ် ပရင်တာများ (Electronic Ballot Printers – EBPs) ဆိုသည်မှာ DRE စက်နှင့်ဆင်တူ၍ စက်မှသိရှိနားလည် နိုင်သော မဲလက်မှတ် သို့မဟုတ် မဲဆန္ဒရှင်က ဆန္ဒပြုသော အီလက်ထရွန်နစ်တိုကင်ကို ပရင့်ထုတ်ပေးသည်။ အဆိုပါ တိုကင်ကို အလိုအလျောက် မဲရေတွက်ပေးသည့် သီးခြား မဲလက်မှတ်ဖတ် စကင်နာစက် (Ballot Scanner) အတွင်းသို့ ထည့်သွင်းရသည်။ မဲပေးသူသည် မဲပေးရွေးချယ်မှု ပြုလုပ်ရန်အတွက် DRE-type interface ကို အသုံးပြုရသည်။ ထို့နောက် မဲဆန္ဒရှင်၏မဲလက်မှတ် သို့မဟုတ် တိုကင်သည် အီလက်ထရွန်နစ်စနစ်ဖြင့် မဲကို အလိုအလျောက် ရေတွက်နိုင်သည့် မဲပုံးထဲသို့ ရောက်ရှိသွားသည်။ EBPs များသည် DRE များထက် မဲဆန္ဒရှင်များအတွက် ပိုမိုနားလည်ရလွယ်ကူပြီး အသုံးပြုရလွယ်ကူသည်ဟု ယူဆ ကြသည်။ မဲလက်မှတ်ထုတ်ပရင်တာသည် မဲဆန္ဒရှင်များ၏ ရွေးချယ်မှုကိုသာ အမှတ်အသားပြုပြီး မဲများကို မှတ်တမ်း တင်ထားခြင်းမရှိပါ။ မဲလက်မှတ်ဖတ် စကင်နာ သို့မဟုတ် အီလက်ထရွန်နစ်မဲပုံးသည် မဲပေးချက်နှင့် စုစုပေါင်း မဲအရေအတွက်များကို မှတ်တမ်းတင်ထားပါသည်။ ၎င်းတို့တွင် သီးခြားစက်နှစ်လုံး ပါဝင်သောကြောင့် EBP စနစ်များသည် ကုန်ကျစရိတ်ပိုမိုမြင့်မားနိုင်ပြီး အိုင်တီနည်းပညာ အပေါ် နားလည်သည့်အရည်အချင်း ပိုမိုလိုအပ်ပါသည်။

( ဂ )    အလင်းဖြင့်မှတ်တမ်းတင်စနစ် (Optical Mark Reco-gnition-OMR)။ အထူးပြုလုပ်ထားသည့် မဲလက်မှတ်အပေါ်တွင် မဲပေးသူ၏ ရွေးချယ်မှုကို မှတ်မိဖတ်ရှုနိုင်သော စကင်ဖတ်စစ်ဆေးသောစနစ် (OMR systems)တပ်ဆင် ထားသည့်စက်ဖြစ်ပြီး စာရွက်ဖြင့် မဲပေးခြင်းကို အီလက်ထရွန်နစ်ရေတွက်ခြင်းစနစ်ဖြင့်  ပေါင်းစပ်ထားခြင်း ဖြစ်သည်။ မဲဆန္ဒရှင်သည် အဆိုပါစက်ဖြင့် ဖတ်ရှုနားလည် နိုင်သော မဲစာရွက်ပေါ်တွင် ရွေးချယ်အမှတ်အသားပြုလုပ်ရန် ဘောပင် သို့မဟုတ် ခဲတံကို အသုံးပြုရသည်။ ထို့နောက် မဲဆန္ဒရှင်က ရွေးချယ်ထားသော အမှတ်အသားများပါဝင် သည့် ဆန္ဒမဲလက်မှတ်များကို OMR စက်က ဖတ်ရှုမှတ်သားခြင်း ပြုလုပ်ပါသည်။ OMR စနစ်ဖြင့် မဲရေတွက်ရာတွင် အသုံးပြုသည့်နည်းလမ်းနှစ်ခုရှိပါသည်။ ပထမနည်းလမ်းမှာ မဲဆန္ဒရှင်များ၏ မဲဆန္ဒပြုခြင်းများကို မဲရုံ၌ပင် စာရင်းကောက်ယူရေတွက်ခြင်းဖြစ်ပြီး ဒုတိယနည်းလမ်းမှာ မဲရုံ တစ်ခုထက်ပိုသောမဲများကို ဗဟို/ ဒေသဆိုင်ရာ မဲရေတွက် သည့်နေရာ၌ ရေတွက်ခြင်းနည်းလမ်းတို့ ဖြစ်ပါသည်။ ဤစနစ်သည် မဲလက်မှတ်ဒီဇိုင်း၊ အသုံးပြုသည့် မင်အမျိုးအစား၊ မဲလက်မှတ်စာရွက်အထူနှင့် OMR စက်များ၏ မဲများကို တိကျစွာ ရေတွက်နိုင်မှုတို့တွင် ကန့်သတ်ချက်များ ရှိပါသည်။ 

(ဃ)    အင်တာနက်မဲပေးစနစ် (Internet Voting Systems)။ အင်တာနက်ဖြင့် မဲပေးသည့်စနစ်များ (Internet voting systems) ဆိုသည်မှာ မဲရေတွက်သည့် ဗဟိုကွန်ပျူတာ ဆာဗာထံသို့ အင်တာနက်မှတစ်ဆင့် မဲများကို လွှဲပြောင်း ပေးသည့်စနစ်ပင်ဖြစ်သည်။ အင်တာနက်မဲပေးစနစ်တွင် မဲပေးသူသည် အင်တာနက်ချိတ်ဆက်ထားသော ကွန်ပျူတာကို အသုံးပြု၍ မဲပေးရသည်။ အင်တာနက်မဲပေးခြင်းသည် ယေဘုယျအားဖြင့် မဲဆန္ဒရှင်၏အိမ် သို့မဟုတ် အလုပ်ကဲ့သို့သော  အင်တာနက်အသုံးပြုခွင့်ရှိသည့် မည်သည့် ကွန်ပျူတာမှမဆို ကြီးကြပ်မှုမရှိသော၊ ဝေးလံသော နေရာများတွင်ပါ အသုံးပြုနိုင်သည်။ ထိုသို့ဆောင်ရွက် ရာတွင် မဲရုံ သို့မဟုတ် သက်ဆိုင်ရာဒေသ၌ အင်တာနက်လိုင်းများ ကောင်းမွန်စွာ အသုံးပြုနိုင်ရန် လိုအပ်ပါသည်။ အင်တာနက်မဲပေးခြင်းသည် ကွန်ပျူတာစနစ်အတွင်းသို့ ဟက်ကာများဝင်ရောက်ခြင်း သို့မဟုတ် အချက်အလက် ပျက်စီးစေသည့် အခြားနည်းလမ်းများနှင့် ပတ်သက်သည့် လုံခြုံရေးဆိုင်ရာ ပြဿနာများရှိနိုင်ပါသည်။ VVPAT မပါသော DRE များကဲ့သို့ပင် အင်တာနက်မဲပေးခြင်းသည် မဲဆန္ဒရှင်မှန်ကန်မှု ရှိ မရှိ အတည်ပြုနိုင်မှုမရှိခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုများ ဖြစ်ပေါ်လာသည့် အခါ စိစစ်အတည်ပြုရန် ခက်ခဲခြင်းများရှိနိုင်ပါသည်။ အင်တာနက်မဲပေးစနစ်များတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းမှာ ကြီးမားသောအားနည်းချက်တစ်ခု ဖြစ်ပါသည်။

ကမ္ဘာတစ်ဝန်းတွင် အသုံးပြုခဲ့သော မဲပေးခြင်းနှင့် မဲရေတွက်ခြင်းနည်းပညာ

မဲပေးခြင်းနှင့် မဲရေတွက်ခြင်းနည်းပညာများသည် အံ့သြစရာကောင်းလောက်အောင် ရှည်လျားသော သမိုင်းကြောင်းရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် စက်မောင်းတံမဲစက်များကို ၁၈၉၂ ခုနှစ်တွင် ရွေးကောက်ပွဲအတွက် ပထမဆုံးအသုံးပြုခဲ့ပြီး ၁၉၆၀ ပြည့် နှစ်များအထိ အမေရိကန်ရွေးကောက်ပွဲများ၌ အသုံးများခဲ့သည်။ မဲလက်မှတ်ကတ်ပြားရေတွက်စက်များကို ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းတွင် စတင်အသုံးပြုလာခဲ့သည်။ နောက်ဆယ်စုနှစ်များအတွင်း DRE မဲပေးစက်များ၊ မဲစကင်ဖတ်စက်များနှင့် အင်တာနက်မဲပေးခြင်းကဲ့သို့သော နည်းပညာများပေါ်လာခဲ့သည်။ အမေရိကန်သည် ဤနည်းပညာ များစွာကို လက်ခံကျင့်သုံးခြင်း၏ ရှေ့တန်းမှဖြစ်သည်။ ၁၉၉၀ ပြည့် လွန်နှစ်များနှင့် ထောင်စုနှစ်သစ်၏ ပထမဆယ်စုနှစ်များ တစ်လျှောက်တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြားသည်လည်း အဆိုပါနည်းပညာများကို စတင်ကျင့်သုံးလာကြသည်။ အမေရိကန်ပြည်ထောင်စု၊ ဘယ်လ်ဂျီယံ၊ ဗင်နီဇွဲလားကဲ့သို့သောနိုင်ငံများတွင် မဲပေးစက် (EVMs)များ အပါအဝင် E-voting စနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုသည်။ ဂျော်ဒန်၊ မော်လဒိုက်၊ နမ်ဘီးယား၊ အီဂျစ်၊ ဘူတန်၊ နီပေါနိုင်ငံများသည် အိန္ဒိယနိုင်ငံမှ EVM စက်နှင့်ပတ်သက်သည့် နည်းပညာဆိုင်ရာ အထောက်အပံ့များကိုရယူ၍ ရွေးကောက်ပွဲတွင် အသုံးပြုလျက်ရှိသည်။ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီအစီရင်ခံစာ ၂၀၂၁ တွင် ဖော်ပြချက်အရ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၃၄ နိုင်ငံ၌ အသီးသီးသော ရွေးကောက်ပွဲများတွင် အီလက်ထရွန်နစ်မဲပေးစက်များကို အသုံးပြု လျက်ရှိသည်။ အချို့သောနိုင်ငံများသည် အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်းနည်းပညာကို စမ်းသပ်နေဆဲဖြစ်သည်။ ၎င်းနိုင်ငံများမှာ-

ရွေးကောက်ပွဲများတွင် အီလက်ထရွန်နစ်မဲပေးစက်များကို အသုံးပြုလျက်ရှိသည့်နိုင်ငံများ

စဉ်    E-voting အသုံးပြုမှု    နိုင်ငံ

၁    ဥပဒေပြုလွှတ်တော်/ ပါလီမန်ရွေးကောက်ပွဲများတွင် အသုံးပြုသည့် နိုင်ငံများ အယ်ဘေးနီးယား၊ အာဂျင်တီးနား၊ အာမေးနီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လ်ဂျီယံ၊ ဘူတန်၊ ဘရာဇီး၊ ဘူဂေးရီးယား၊ ကွန်ဂို၊ ဒိုမီနီကန်၊ အီကွေဒေါ၊ အက်စ်တိုးနီးယား၊ ပြင်သစ်၊ အိန္ဒိယ၊ အီရတ်၊ ကာဂျစ်စတန်၊ မွန်ဂိုလီးယား၊ နမီးဘီးယား၊ နယူးဇီလန်၊ အိုမန်၊ ပါကစ္စတန်၊ ပနားမား၊ ပီရူး၊ ဖိလစ်ပိုင်၊ ရုရှား၊ ယူအေအီး၊ အမေရိက၊ ဗင်နီဇွဲလား

၂    ပြည်နယ်ရွေးကောက်ပွဲ/ ဒေသန္တရ ရွေးကောက်ပွဲများတွင်  အသုံးပြုသည့်နိုင်ငံများ ဩစတြေးလျ၊ ကနေဒါ၊ အီရန်၊ မက္ကဆီကို၊ ဘယ်လ်ဂျီယံ၊ အာဂျင်တီးနား၊ ဘူတန်၊ ဘူဂေးရီးယား၊ အီကွေဒေါ၊ အက်စ်တိုးနီးယား၊ အိန္ဒိယ၊ မွန်ဂိုလီးယား၊ ပနားမား၊ ပီရူး၊ ဖိလစ်ပိုင်၊ ရုရှား၊ အမေရိက

၃    ရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်မှုဖြင့် ကျင်းပသည့် ရွေးကောက်ပွဲ(ဥပမာ- Trade Union Election အစရှိသည့်) များတွင် အသုံးပြုသည့်နိုင်ငံများ ဖီဂျီ၊ တောင်ကိုရီးယား၊ ပနားမား၊ ပြင်သစ် 

မြန်မာနိုင်ငံတွင်အသုံးပြုခဲ့သော မဲပေးခြင်းနှင့် မဲရေတွက်ခြင်းနည်းပညာ

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမရမီ ၁၉၂၂ ခုနှစ်တွင် ပထမဆုံး ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် ကနဦးကျင်းပခဲ့သော ရွေးကောက်ပွဲများတွင် ခဲဖြင့်ပြုလုပ်ထားသော ခဲပြားဖြင့် ဆန္ဒမဲပေးရပါသည်။ ထိုမှစက္ကူမဲပြားဖြင့် မဲပေးရသည့်စနစ်ကို ပြောင်းလဲခဲ့ပါသည်။ မဲပုံးများကို သစ်သားဖြင့်ပြုလုပ်ခဲ့ရာမှ ၁၉၆၀ ပြည့်နှစ်တွင် ကျင်းပသောရွေးကောက်ပွဲများ၌ သစ်သားမဲပုံးများအစား သံမဏိမဲပုံးများကို အသုံးပြုခဲ့ပါသည်။ 
သော့ခလောက်များကိုလည်း မဲပုံးပိတ်သည့်အခါ ခတ်ကြပါသည်။ မဲရေတွက်သည့်အခါ သတ်မှတ်ထားသောနေရာများသို့ မဲပုံးများပေးပို့ရပြီး မဲပုံးများ ရောက်ရှိသည့်အခါ ရွေးကောက်ပွဲတာဝန်ခံအရာရှိက သော့ဖွင့်ပြီး မဲပုံးကိုဖွင့်၍ ရေတွက်ရပါသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးကောက်ပွဲများတွင် ခဲပြား၊ သွပ်ပြား၊ စက္ကူမဲပြားများကို အသုံးပြုပြီး ပြည်တွင်းဖြစ် ပစ္စည်းများဖြင့် ပြုလုပ်အသုံးပြုခဲ့ကြသည်။ ထောက်ခံ/ကန့်ကွက်မဲပုံးထဲသို့ မဲပြားများထည့်ရသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှစတင်၍ ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးသည့်စနစ်ကို ပြောင်းလဲအသုံးပြုခဲ့သည်။ ဆန္ဒမဲလက်မှတ်ပေါ်တွင် မိမိထောက်ခံလိုသော ကိုယ်စားလှယ်လောင်းအမည်နှင့် သင်္ကေတတည့်တည့်တွင် ထောက်ခံအမှတ်အသားပြုလုပ်၍ မဲပေးခြင်းဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်များတွင်လည်း ဆန္ဒမဲလက်မှတ်ပေါ်တွင် ဘောပင်ဖြင့် အမှန်အမှတ်အသားပြုခြင်းဖြင့် လည်းကောင်း၊ အမှန်အမှတ်အသားပါသော တံဆိပ်တုံးဖြင့်လည်းကောင်း အမှတ်အသားပြုလုပ်၍ မဲပေးခြင်းကို ကျင့်သုံးခဲ့သည်။ မဲရေတွက်ခြင်းကိုလည်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှစတင်၍ မဲရုံပိတ်ပြီးသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာမဲရုံတွင်ပင် အများပြည်သူရှေ့မှောက်၌ မဲများကို ရေတွက်ခြင်းစနစ်ကို ကျင့်သုံးခဲ့သည်။ 

အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်းနှင့်စပ်လျဉ်းသည့် အားသာချက်များ

အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်းနှင့်စပ်လျဉ်းသည့်အားသာချက်များမှာ-

(က)    မဲရေတွက်မှုနှင့် ပုံစံဇယားများ ရေးသွင်းရာတွင် ပို၍မြန်ဆန်ခြင်း၊

(ခ)    လူကြောင့်မှားသည့် အမှားများကို ဖယ်ထုတ်ထားနိုင်သောကြောင့် ပို၍တိကျသည့် ရလဒ်များဖြစ်ခြင်း၊

(ဂ)    ရှုပ်ထွေးသည့်ဆန္ဒမဲလက်မှတ်များအစား ရှင်းလင်းသော ဆန္ဒမဲလက်မှတ်များကို အသုံးပြုနိုင်ခြင်း၊

(ဃ)    မဲပေးသူများအတွက် အဆင်ပြေမှုတိုးတက်လာခြင်း၊

( င )    လျှို့ဝှက်မဲပေးခြင်းကို ပိုမိုလုံခြုံ၍ ယုံကြည်အားထားနိုင်ခြင်း၊ 

( စ)    ရွေးကောက်ပွဲအား ပါဝင်ဆင်နွှဲမှုနှင့် မဲပေးသူအရေအတွက် တိုးတက်မည့် အလားအလာရှိခြင်း၊ 

(ဆ)    မဲပေးခြင်းစနစ်သည် ခိုင်လုံသည့် မဲပေးမှုပုံစံသာဖြစ်၍ မခိုင်လုံသည့်မဲအရေအတွက် လျော့ကျနိုင်ခြင်း၊ ပယ်မဲ လျော့နည်းသွားနိုင်ခြင်း၊ 

(ဇ)    မဲရုံဝန်ထမ်းတို့၏ အချိန်ကို သက်သာစေခြင်း၊ 

(ဈ)    ဆန္ဒမဲများပုံနှိပ်ခြင်းနှင့် ဖြန့်ဝေခြင်းတို့အတွက် ကုန်ကျစရိတ်များကို လျော့ကျစေသောကြောင့် ရေရှည်တွင် ကုန်ကျစရိတ်များကို သက်သာစေသည့် အလားအလာရှိခြင်းတို့ ဖြစ်ပါသည်။

အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်းနှင့်သက်ဆိုင်သည့် အားနည်းချက်များ

အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်းနှင့်သက်ဆိုင်သည့် အားနည်းချက်များမှာ-

(က)    ကျွမ်းကျင်ပညာရှင်မဟုတ်သည့်သူများအတွက် နည်းစနစ် ကိုနားလည်ရန် လိုအပ်ခြင်း၊

(ခ)    စနစ်အတွင်းဝင်ရောက်ခွင့်ရှိသည့်   အတွင်းလူများ သို့မဟုတ် ပြင်ပမှ Hacker များ၏ လိုသလို လှည့်စား လုပ်ဆောင်နိုင်သည့် အန္တရာယ်ရှိခြင်း၊

(ဂ)    အီလက်ထရွန်နစ်မဲပေးခြင်းစနစ်ကို စတင်အသုံးပြုရန် ကနဦးဝယ်ယူခြင်းနှင့် ထိန်းသိမ်းခြင်း နှစ်ရပ်စလုံးအတွက် ယခင်ကုန်ကျစရိတ်များထက် တိုးမြင့်လာနိုင်ခြင်း၊

(ဃ)    အခြေခံအဆောက်အအုံနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လိုအပ်ချက်များ မြင့်တက်လာခြင်း၊ (ဥပမာအားဖြင့် ပါဝါ/လျှပ်စစ်ထောက်ပံ့ပေးနိုင်မှု၊ ဆက်သွယ်ရေးနည်းပညာ) 

(င)    မဲပေးမည့်သူများအား ပညာပေးလုပ်ငန်းများ လိုအပ်ခြင်း၊ 

(စ)    လက်ရှိ ဥပဒေရေးရာမူဘောင်ကို ပြင်ဆင်ရန် လိုအပ်ခြင်းတို့ ဖြစ်ပါသည်။

အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်းနည်းလမ်းများကို ရွေးချယ်ခြင်း အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်းကို ပြောင်းလဲအသုံးပြုသင့်သော နည်းလမ်းများမှာ-

(က)    အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်းပြောင်းလဲကျင့်သုံးရာတွင် နိုင်ငံတစ်ဝန်းလုံးတစ်ပြိုင်နက် ပြောင်းလဲကျင့်သုံး မည့်အစား အချို့သော မဲဆန္ဒနယ်တွင်သာ ပြောင်းလဲ ကျင့်သုံးခြင်း၊

(ခ)    မဲဆန္ဒရှင်အစစ်အမှန်ဖြစ်ကြောင်း စိစစ်ခြင်းလုပ်ငန်းကို လူဖြင့်သာလုပ်ဆောင်ပြီး  အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်းစနစ်ကို ဆန္ဒမဲပေးခြင်း သို့မဟုတ် ဆန္ဒမဲ ရေတွက် ခြင်းအတွက်သာလျှင် အသုံးပြုခြင်း၊ 

(ဂ)    အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်းစနစ်သစ်သည် ရွေးကောက်ပွဲစီမံခန့်ခွဲမှုအဖွဲ့ကို ကူညီရာရောက်ပြီး မဲဆန္ဒ ရှင်များက မဲပေးရာတွင် ပိုမိုလွယ်ကူအောင် ပြုလုပ်ထား ခြင်း၊

(ဃ)    အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်းစနစ်ကို ယုံကြည်အားထားနိုင်စေရန် စဉ်ဆက်မပြတ် ပြန်လည်သုံးသပ်မှု များ၊ အဆင့်မြှင့်တင်မှုများ၊ ချွတ်ယွင်းမှုကို ချက်ချင်း ပြန်လည်အစားထိုးနိုင်ရန်နှင့် လိုအပ်ချက်များကိုညှိနှိုင်း၍ ကြိုတင်ပြင်ဆင်ထားခြင်း၊

(င)    အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်း၏ ကုန်ကျစရိတ်သည် ကနဦးဝယ်ယူသည့် ကုန်ကျစရိတ်နှင့် အချိန်နှင့်အမျှ ဖြစ်ပေါ်ပြောင်းလဲနေသော နည်းပညာပြောင်းလဲမှု အတွက်ကိုပါ ထည့်သွင်းစဉ်းစားရန်လည်း အရေးကြီးခြင်း။

နိဂုံး

မျက်မှောက်ကာလသည် သတင်းနည်းပညာခေတ်ဖြစ်သည်နှင့်အညီ နည်းပညာများမှာ စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်နေသည်။ ကမ္ဘာတစ်ဝန်းတွင် အီလက်ထရွန်နစ်မဲပေးခြင်း နည်းပညာများကို အသုံးပြုရန် စိတ်ဝင်စားမှုတိုးမြင့်လာကြသည်။ ဒီမိုကရေစီနိုင်ငံများတွင် အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်းကို ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုလုပ်ဆောင်ရွက် အသုံးပြုလျက်ရှိသည်။ အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်းအား စတင်မိတ်ဆက်ချိန်တွင် သက်ဆိုင်ရာနိုင်ငံ၏ တည်ရှိနေသော လူမှုရေး၊ နိုင်ငံရေးအခြေအနေများပေါ်၌ များစွာတည်မီနေသည်။ 

လူမှုရေး၊ နိုင်ငံရေး အခြေအနေများ အထောက်အကူပြုမည်ဆိုလျှင် အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်းစနစ်ကို စတင် မိတ်ဆက်ကျင့်သုံးရာ၌ ထင်ရှားစွာအကူအညီဖြစ်ပြီး နည်းပညာဆိုင်ရာ အသေးစိတ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင် သည့်အခက်အခဲနှင့်ပြဿနာများ နည်းပါးနိုင်သည်။ အီလက်ထရွန်နစ် မဲပေးခြင်းစနစ်ကို မြန်မာနိုင်ငံတွင် ပြောင်းလဲကျင့်သုံးမည်ဆိုပါက နိုင်ငံ၏လိုအပ်ချက်များနှင့် လက်ရှိကာလအခြေအနေများနှင့် ကိုက်ညီမှုရှိခြင်း၊ ကုန်ကျစရိတ်ကို တတ်နိုင်သမျှ လျှော့ချအသုံးပြုခြင်း၊ အချိန်လုံလောက်မှုရှိခြင်းနှင့် ရှင်းလင်းလွယ်ကူသော စနစ်ပုံစံကို ကျင့်သုံးသင့်ကြောင်း တင်ပြအပ်ပါသည်။   ။