အီဂျစ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၅၃၄ ဦး၊ သေဆုံးသူ ၃၁၇ ဦး ရှိလာ

၂၇ ဧပြီ

 

အီဂျစ်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၂၁၅ ဦးနှင့် သေဆုံးသူ ၁၀ ဦး ရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။

 

ကူးစက်ခံရသူ အရေအတွက် ၄၅၃၄ ဦး ရှိပြီး သေဆုံးသူပေါင်း ၃၁၇ ဦး ရှိလာသည်ဟု အီဂျစ်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

ကူးစက်ခံရသူ ၆၂ ဦး ပြန်လည်ကောင်းမွန်လာပြီး ကိုဗစ်-၁၉ ရောဂါမှပြန်လည်ကောင်းမွန်လာသူပေါင်း ၁၁၇၆ ဦး ရှိကြောင်း ထိုဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကာလက် မက်ဂါဟက် က ကြေညာချက်တွင် ပြောကြားထားသည်။

 

အီဂျစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရမှုကို ဖေဖော်ဝါရီလလယ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါ ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးရန် အားကစားလှုပ်ရှားမှုများ  ရပ်နားခြင်းနှင့် လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းခြင်းတို့အပြင် ပြတိုက်များနှင့် ရှေးဟောင်းသုတေသနပြုလုပ်ရာ နေရာများ၊ ကုန်တိုက်များ၊ စားသောက်ဆိုင်များ၊ ဖျော်ဖြေရေး နေရာများ၊ တက္ကသိုလ်များနှင့် စာသင်ကျောင်းများကို မတ်လလယ်မှစတင်ကာ ယာယီ ပိတ်ထားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို