အီဂျစ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၆၅၉ ဦး ရှိပြီး သေဆုံးသူ ၂၇၆ ဦးရှိလာ

၂၃ ဧပြီ

 

အီဂျစ်နိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၆၉ ဦးရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၃၆၅၉ ဦး ရှိလာကြောင်း အီဂျစ်ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က အတည်ပြုထုတ်ပြန်ခဲ့သည်။

 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယမန်နေ့က သေဆုံးသူ ၁၂ ဦး ရှိပြီး စုစုပေါင်းသေဆုံးသူ ၂၇၆ ဦးအထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကာလက် မီဂါဟက် ပြောကြားချက်အရ သိရသည်။

 

နိုင်ငံခြားသားနှစ်ဦးအပါအဝင် ၆၅ ဦး ပြန်လည်ကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင်ပြုခဲ့ပြီး စုစုပေါင်း ပြန်လည်ကောင်းမွန်လာသူ ၉၃၅ ဦး ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

အီဂျစ်အစိုးရသည် အားကစားပွဲများရပ်နားခြင်းနှင့် လေယာဉ်ခရီးစဉ်များ ဆိုင်းငံ့ထားခြင်းတို့အပြင် ရှေးဟောင်းသုတေသနနေရာများနှင့်ပြတိုက်များ၊ ကုန်တိုက်များ၊ စားသောက်ဆိုင်များ၊ ဖျော်ဖြေရေးနေရာများ၊ စာသင်ကျောင်းများနှင့် တက္ကသိုလ်များကို တစ်လကျော်ကြာ ယာယီပိတ်ရန် ဆောင်ရွက်နေသည်။

 

နှစ်ပတ်ကြာချမှတ်ခဲ့သော တစ်နိုင်ငံလုံး ညမထွက်ရအမိန့်သည် ကြာသပတေးနေ့တွင် အဆုံးသတ်မည်ဖြစ်ရာ သက်တမ်းတိုးလုပ်ဆောင်မည်ဟု မျှော်လင့်ရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို