အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ ဆေးရုံတစ်ရုံ မီးလောင်မှုကြောင့် ကိုရိုနာဗိုင်းရပ်စ်လူနာ ခုနစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရ

ကိုင်ရို ၂၈ ဒီဇင်ဘာ

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် မြောက်ပိုင်းရှိ ဆေးရုံတစ်ရုံ၌ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ ကိုရိုနာဗိုင်းရပ်စ် လူနာခုနစ်ဦး သေဆုံးခဲ့ ကြောင်း လုံခြုံရေးနှင့် တရားရေးဆိုင်ရာ သတင်းရင်းမြစ်များက ပြောသည်။

ကိုင်ရိုမြို့တော် ဆင်ခြေဖုံးဒေသ အိုဘာခရိုင်ရှိ အဆိုပါဆေးရုံ၏ အထူးကုသဆောင် မီးလောင်မှုတွင် လူငါးဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

မီးလောင်မှုဖြစ်ပွားရသော အကြောင်းရင်းကို မသိရသေးဘဲ အစိုးရရှေ့နေများက ဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု စတင်ခဲ့သည်။

မီးလောင်မှုဖြစ်ရာဆေးရုံသို့ မီးသတ်သမားများစေလွှတ်ခဲ့ပြီး မီးငြိမ်းသတ်ခဲ့သည်ဟု ဒေသန္တရမီဒီယာများက ဖော်ပြခဲ့သည်။ အီဂျစ်နိုင်ငံ၌ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၀၁၂၆ ဦးနှင့် သေဆုံးသူ ၇၃၀၉ ဦးရှိသည်။ ဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် အီဂျစ်နိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုဌာနများ မနိုင်မနင်း ဖြစ်လာခဲ့သည်။

ဇွန်လအတွင်း အီဂျစ်နိုင်ငံ ကမ်းရိုးတန်းမြို့တော် အလက်ဇန္ဒရီးယားမြို့ရှိ ဆေးရုံတစ်ရုံ၌ မီးလောင်မှုဖြစ်ပွားရာ ကိုရိုနာဗိုင်းရပ်စ်လူနာ ခုနှစ်ဦးသေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဘာသာပြန်-ကျော်ထိုက်စိုး

ကိုးကား- အေအက်ဖ်ပီ