အဂတိလိုက်စားမှုများ တိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့

 

လင်းလက်

 

အဂတိလိုက်စားမှုဆိုသည်မှာ

 

လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်း၊ တံစိုးလက်ဆောင်ပေးခြင်း၊ လက်ခံခြင်းနှင့် ရယူခြင်းတို့သည် အဂတိလိုက်စားမှုဖြစ်သည်ဟု အနက်အဓိပ္ပာယ်ကို ယေဘုယျဆန်ဆန် နားလည်လက်ခံ တတ်ကြပါသည်။ သို့ရာတွင် အဂတိလိုက်စားမှု၏ အနက်အဓိပ္ပာယ်သည် ထို့ထက်ကျယ်ပြန့်၍ အနက်အဓိပ္ပာယ် ဖွင့်ဆိုရန်ပင် ခက်ခဲလှပါသည်။ အောက်စဖို့ဒ် (the Oxford) နှင့် မယ်ရီရမ်ဝက်ဘ်စတာ (Merriam-Webster) အဘိဓာန်တို့တွင်“လုပ်ပိုင်ခွင့် အာဏာရှိသူများ၏ မရိုးဖြောင့်သော သို့မဟုတ် လိမ်လည်လှည့်ဖြားသော ပြုမူဆောင်ရွက်မှုနှင့် အထူးသဖြင့် ဩဇာအာဏာရှိသူများ၏ မရိုးဖြောင့်သော သို့မဟုတ် တရားမဝင်သော အပြုအမူ” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

 

အဂတိလိုက်စားမှုသည် လူ့ကျင့်ဝတ်ကို ဖောက်ဖျက်သော အပြုအမူဖြစ်သည်ဟု ဆိုနိုင်သည်။ အဂတိလိုက်စားမှုဆိုသည့်အရာကို ထောက်ခံအားပေးသော ဥပဒေအရ ကျူးလွန်ခွင့်ပြုသော နိုင်ငံမရှိပေ။ နိုင်ငံတိုင်းက အဂတိလိုက်စားမှုကို လက်မခံနိုင်သဖြင့် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC) ကို ၃၁-၁၀-၂၀၀၃ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် ၅၈/၄ အရ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် အဂတိလိုက်စားမှု ဆိုသည့်အရာကို မိမိနိုင်ငံ၊ မိမိဥပဒေဖြင့် အရေးယူ ဆောင်ရွက်နေကြသည်။

 

သိင်္ဂါလောဝါဒသုတ်နှင့် အဂတိတရားလေးပါး

 

မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံးစဉ်အခါက သိင်္ဂါလ သူဌေးသားကို သိင်္ဂါလောဝါဒသုတ် (ခေါ်)ဂိဟိဝိနယ (ခေါ်) လူ့ဝတ်နည်းကျင့်ဝတ် တရားတော်များ ဖြစ်သည့် ကမ္မကိလေသတရားလေးပါး၊ အဂတိ တရားလေးပါး၊ ဥစ္စာပျက်စီးကြောင်းခြောက်ပါး၊ အရပ်မျက်နှာခြောက်ပါးတို့ကို ဟောကြားညွှန်ပြ ဆိုဆုံးမတော်မူခဲ့သည်။ သိင်္ဂါလောဝါဒသုတ်လာ အဂတိတရားလေးပါးတို့မှာ-

 

ဆန္ဒာဂတိ။ ချစ်ခင်သဖြင့် မလိုက်သင့်သည့် ဘက်ကိုလိုက်ခြင်း၊ မပြုသင့်သည် ကိုပြုခြင်း၊

ဒေါသာဂတိ။ စိတ်ဆိုးသဖြင့် မလိုက်သင့်သည့် ဘက်ကိုလိုက်ခြင်း၊ မပြုသင့်သည် ကိုပြုခြင်း၊

မောဟာဂတိ။ ဆင်ခြင်တုံတရားမရှိဘဲ မိုက်မဲ တွေဝေသဖြင့် မလိုက်သင့်သည့် ဘက်ကိုလိုက်ခြင်း၊ မပြုသင့်သည် ကိုပြုခြင်း၊

ဘယာဂတိ။ ကြောက်ရွံ့သဖြင့် မလိုက်သင့်သည့် ဘက်ကိုလိုက်ခြင်း၊ မပြုသင့်သည် ကိုပြုခြင်းတို့ ဖြစ်ပါသည်။

 

အကျိုးနှင့်အပြစ်

 

ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်းခြင်းကြောင့်လည်းကောင်း၊ ကြောက်ခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း မည်သည့်အကြောင်းကြောင့်မဆို ဘက်လိုက်ခြင်း မပြုသင့်သည်ကို ပြုကျင့်ခြင်းဖြင့် အဂတိတရားလေးပါးကို လိုက်စားသောသူသည် လဆုတ်သောအခါ လမင်း၏ အရောင်အဝါသည် တစ်နေ့တခြားလျော့ပါး ဆုတ်ယုတ်သကဲ့သို့ စည်းစိမ်ဥစ္စာနှင့်တကွ အခြံအရံနှင့် ကျော်စောခြင်းတို့သည် လျော့ပါးဆုတ်ယုတ် တတ်သဖြင့် အဂတိတရားလေးပါးကို ရှောင်ရှားသင့်ကြောင်း မြတ်စွာဘုရားရှင်က တားမြစ်ထားခြင်း ဖြစ်သည်။

 

အဂတိတရားလေးပါးကို ရှောင်ရှား၍ လူ့ဝတ်နည်းကျင့်ဝတ်များကို လိုက်နာစောင့်ထိန်းကာ ပြုမူဆောင်ရွက်သူသည် လဆန်းသောအခါ လမင်း၏အရောင်အဝါသည် တစ်နေ့တခြား တိုးပွားလာဘိ သကဲ့သို့ စည်းစိမ်ဥစ္စာနှင့်တကွ အခြံအရံနှင့် ကျော်စောခြင်းတို့သည် တစ်နေ့တခြား တိုးပွားလာ မည်ဖြစ်ပါသည်။

 

အလောင်းမင်းတရားလက်ထက်အခါ

 

မြန်မာ့သမိုင်းတွင် ကုန်းဘောင်မင်းဆက်နှင့် တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် တိုင်းပြည်ကို စီမံအုပ်ချုပ်ရာတွင် ကျောသားရင်သား ခွဲခြားမှုမရှိ၊ ဘက်လိုက်မှုမရှိသဖြင့် ပြည်သူများ၏ ချစ်ခင်ယုံကြည်မှုကို ရရှိခဲ့ပါသည်။ မိဖုရားခေါင်ကြီး က ၎င်း၏မောင်တော်သည် ရာထူးနေရာမရှိ၍ ချီးမြှင့်မြှောက်စားပေးရန် လျှောက်တင်မှုအပေါ် နန်းတော်အောက်၌ မွေးနေသောခွေးကို သွားရောက် ကြည့်ရှုစေရာ တိကျသေချာမှုမရှိဘဲ အကြိမ်ကြိမ် ပြန်လည်ကြည့်ရှုနေသည်ကို ထောက်ပြကာ ယောက်ဖတော်ပင် ဖြစ်လင့်ကစား ရာထူးရာခံ ချီးမြှင့်ခြင်းမပြုခဲ့သဖြင့် ပြည်သူများ၏ ချစ်ခင် ယုံကြည်မှု ပိုမိုရရှိခဲ့ပါသည်။

 

သမိုင်းအဆက်ဆက်တိုက်ဖျက်ခဲ့

 

မြန်မာနိုင်ငံသည် အကြောင်းအမျိုးမျိုးကြောင့် အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ရပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရခဲ့ သည်။ လွတ်လပ်ရေးရပြီး ၁၀ လအကြာ ၁၉၄၈ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေကိုပြဋ္ဌာန်းကာ တံစိုး လက်ဆောင်ပေးခြင်း၊ ရယူခြင်းနှင့် အဂတိလိုက်စား ခြင်းတို့ကို တားမြစ်ထိန်းချုပ်ဆောင်ရွက်ခဲ့ပါ သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် မြန်မာ့သမိုင်းတွင် မည်သည့်အချိန်တွင်မှ အဂတိလိုက်စားမှုကို လက်ခံ ခဲ့ခြင်းမရှိဘဲ ခေတ်စနစ်နှင့်အညီ တွန်းလှန် တိုက်ဖျက်ခဲ့သည်ဟု ဆိုနိုင်ပါသည်။

 

ဥပဒေအရတားမြစ်ရ

 

အဂတိလိုက်စားမှုကြောင့် နိုင်ငံ၏ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ လူမှုရေးစနစ်များကို ထိခိုက် စေပြီး အများပြည်သူ၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးစေသဖြင့် မြန်မာနိုင်ငံ၌ ၂၀၁၃ ခုနှစ် တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ခေတ်စနစ်နှင့် အညီဖြစ်စေရန် ဥပဒေကို စတုတ္ထ အကြိမ်အထိ ပြင်ဆင်ကာ အသွင်အမျိုးမျိုးဖြင့် ဖြစ်ပွားနေသော အဂတိလိုက်စားမှုများကိုဟန့်တား ထိန်းချုပ် အရေးယူဆောင်ရွက်လျက်ရှိသည်။

 

စတုတ္ထအကြိမ်ပြင်ဆင်ခဲ့သော အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃ (က) (၁) နှင့် ၃ (က) (၂) တို့တွင် အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ကို အောက်ဖော်ပြပါအတိုင်းဖွင့်ဆိုထားပါသည်-

 

(က) မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစား ပြု၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ တစ်စုံ တစ်ရာကို ပြုလုပ်ရန် သို့မဟုတ်ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန် သို့မဟုတ် တစ်ဦးတစ်ယောက်အား ဥပဒေ နှင့်အညီ ရထိုက်သော အခွင့်အရေးကို ပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက် ခွင့်မရှိသော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန်ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ကို တစ်ဦးတစ်ယောက် အားပေးခြင်း၊ ပေးရန်အားထုတ်ခြင်း သို့မဟုတ် တစ်ဦးတစ်ယောက်ထံမှ လက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန်အားထုတ်ခြင်း တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်း၊

 

( ခ) မည်သူမဆို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင်ဖြစ်စေ၊ ယင်းတို့၏ ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူခြင်း၊ စီမံ ခန့်ခွဲခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်း ပြုရာတွင်ဖြစ်စေ၊ ယင်းတို့နှင့် သက်ဆိုင်မှုရှိသော သဘောတူစာချုပ်တစ်ခုတွင်ပါဝင်ခြင်း၊ စီမံဆောင်ရွက်ခြင်းပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှု ကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေခြင်း။

 

ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်လာ

 

၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အဂတိ လိုက်စားမှုဆိုရာတွင် တံစိုးလက်ဆောင် လက်ခံခြင်းနှင့် ရယူခြင်းတို့အတွက်သာ အရေးယူ ဆောင်ရွက်နိုင်ခဲ့သဖြင့် နိုင်ငံတော်ဘဏ္ဍာ ထိခိုက် နစ်နာဆုံးရှုံးမှုများကို အရေးယူဆောင်ရွက်နိုင်ရန် ၂၀၁၈ ခုနှစ် စတုတ္ထအကြိမ် ပြင်ဆင်ခဲ့သည့် ဥပဒေတွင် အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ကို ပိုမို ကျယ်ပြန့်စွာ ဖွင့်ဆိုခဲ့ပြီး “နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံး မှုများ” ကိုပါ အရေးယူဆောင်ရွက်နိုင်ခဲ့သဖြင့် အဂတိလိုက်စားမှုများကို ပိုမိုထိရောက်စွာ အရေး ယူဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည်။

 

အဂတိပယ်ခွာ ပြည်သာယာရေး

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၄ အရ မည်သူမဆို အဂတိလိုက်စားမှု သို့မဟုတ် အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းတို့ နှင့်စပ်လျဉ်း၍ ကော်မရှင်၊ ကော်မရှင်ရုံး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ဖွဲ့စည်းသော လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမစိစစ်ရေး အဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့၊ သက်ဆိုင်ရာအစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခုခုသို့ သတင်းပေးပို့ ချက်နှင့် တိုင်တန်းချက်များကို ပေးပို့နိုင်ပါသည်။

 

အဂတိလိုက်စားမှုများကြောင့် နစ်နာသူများ အနေဖြင့်ိုင်တန်းချက်များပေးပို့ရာတွင် တိုင်ကြား နိုင်မည့် နည်းလမ်းများ၊ သတိပြုရမည့်အချက်များ နှင့် ကော်မရှင်အနေဖြင့် တိုင်ကြားစာများကို စိစစ် သည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ကော်မရှင်၏ Website နှင့် Facebook Page များတွင်လည်း ဖော်ပြထားပါသည်။ ထို့အပြင် နိုင်ငံပိုင်သတင်းစာ များတွင်လည်း အလျဉ်းသင့်သလိုဖော်ပြလျက်ရှိရာ ပြည်သူများက အဂတိလိုက်စားမှုများကို သတ်မှတ်ချက်များနှင့်အညီ သတင်းပေးဖော်ထုတ် တိုင်ကြားခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် ပူးပေါင်းကာ အဂတိပယ်ခွာ ပြည်သာယာရေး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။

 

ကိုးကားစာရင်း

-          Wikipedia

-          အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ

-          ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း

-          အောက်စဖို့ဒ် (the Oxford) နှင့် မယ်ရီရမ် ဝက်ဘ်စတာ (Merriam-Webster) အဘိဓာန်

-          https://info.worldbank.org/governance/wgi/

-          www.oecd.org/corruption

-          https://www.transparency.org/en/

-          https://www.lexico.com/definition/corruption

-          https://news-eleven.com/article/129905

-          ဒေါက်တာမြင့်သန်း၏ အကျင့်ပျက်ခြစားမှုများ ပပျောက်ရေး ဝိုင်းဝန်းလက်တွဲဆောင်ရွက်ပေး ဆောင်းပါး