အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းကျင်းပ

နေပြည်တော်        မေ       ၇

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်း များ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးက အဂတိလိုက်စားမှုသည် နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ဟန့်တားလျက်ရှိသည့်အတွက် နိုင်ငံတော်အစိုးရ၏မူဝါဒများကို အကောင် အထည်ဖော် ဆောင်ရွက်နေကြသည့် ဝန်ထမ်းများအား အဂတိလိုက်စားမှုကို လက်မခံသည့်၊ ဖြောင့်မတ် တည်ကြည်မှုရှိသည့် အသိုက်အဝန်းဖော်ဆောင်နိုင်ရန် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့်လည်း ဝန်ထမ်းများအား အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများကို သိရှိရှောင်ကြဉ်နိုင်စေရန် ဘက်စုံ၊ ကဏ္ဍစုံမှ အသိပညာပေး ဆောင်ရွက်လျက်ရှိသည်ကို သိရှိရသည့်အတွက် များစွာအားရမိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန် ထမ်းဆောင်ရာတွင် အဂတိတရားကင်းစင်စွာဖြင့် အများပြည်သူအကျိုး ရှေ့ရှုဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုကို လက်မခံသည့်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်း ဖန်တီးဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေးရှင်းလင်းဆွေး နွေးခြင်းအခမ်းအနားများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုသည် မိမိအား ပေးအပ်ထားသည့်ရာထူး၊ လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းဖြစ်သည့်အတွက် ကိုယ်ကျင့်တရားပျက်ယွင်းခြင်းပင်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေသည့်အပြင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေး ဆိုင်ရာကိစ္စရပ်များကိုပါ ဆိုးကျိုးသက်ရောက်စေပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူလျက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကို အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းဟူသည့် ကဏ္ဍ(၃)ရပ်ချမှတ်၍ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ယခုကဲ့သို့ ဟောပြောပွဲများမှ အသိအမြင်၊ ဗဟုသုတ၊ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အကျိုး ကျေးဇူးများရရှိပြီး နိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ဥပဒေရေးရာဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေးက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း၊ အသိပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက် စားမှု၏ သဘောသဘာဝများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ တားဆီးကာကွယ်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်း က အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ သတင်း၊ တိုင်ကြားစာနှင့် မှတ်တမ်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမော်က တိုင်ကြားစာကဏ္ဍနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

 

ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းခေါင်းဆောင်၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက် ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)