အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဖြောင့်မတ်တည်ကြည်မှုကျင့်ဝတ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များ ပေးအပ်လှူဒါန်း

မန္တလေး   ၁၁  ဇွန်

 

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ တိုင်းဒေသကြီး လွှတ်တော် ရုံးနှင့် တရားလွှတ်တော်သို့ ဖြောင့်မတ်တည်ကြည်မှုကျင့်ဝတ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်း စာစောင်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။

 

 

ရှေးဦးစွာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်သန်းမြင့်က ရည်ညွှန်စာစောင်များ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်ခြင်းဟူ၍ လုပ်ငန်းစဉ်သုံးရပ်နှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလွှဲပြောင်း ပေးအပ်သောစာအုပ်များမှာ ကော်မရှင်၏ လူထုပညာပေးရေးလုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တရားသူကြီးများမှ လေ့လာဖတ်ရှု၍ အသိပညာများ ဖြန့်ဝေပေးနိုင်ရန်အတွက် လှူဒါန်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

 

ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်သန်းမြင့်မှ ရည်ညွှန်စာစောင်များအား ပေးအပ်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်မှလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးမှ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိုးသိန်းမှလည်းကောင်း အသီးသီး လက်ခံရယူခဲ့ကြသည်။

 

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

 

 

ယနေ့လှူဒါန်းသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန် စာစောင်များမှာ ဖြောင့်မတ်တည်ကြည်မှု မြင့်တက်ရေးပညာပေးအစီအစဉ် အခြေခံပညာ အထက်တန်းအဆင့် ရည်ညွှန်းစာစောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်စာစောင်(၁)၊ ဖြောင့်မတ်တည်ကြည် မှုနှင့် ကျင့်ဝတ်တက္ကသိုလ်အဆင့် ရည်ညွှန်စာစောင်(၁)၊ (၂) စုစုပေါင်း ၄ မျိုးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စာကြည့်တိုက်သို့ ၁၅ စုံ၊ တိုင်းဒေသကြီး လွှတ်တော်ရုံးနှင့် စာကြည့်တိုက်သို့ ၇၂ စုံနှင့် တိုင်းဒေသကြီး တရားလွှတ်တော်သို့ ၅ စုံ စုစုပေါင်း ၉၂ စုံ လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 

မင်းထက်အောင်(မန်းကိုယ်ပွား)