အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး စစ်ဆေးရေးမှူးချုပ်၏ ရှင်းလင်းတင်ပြချက်

နေပြည်တော် ၂၁  စက်တင်ဘာ

 

စက်တင်ဘာလ ၁၃ ရက်နေ့က သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ အဂတိလိုက်စားမှုနှင့်ပတ်သက်သော မေးမြန်းချက်တစ်ချို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် စစ်ဆေးရေးမှူးချုပ်အား မေးမြန်းရန် ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ပြုလုပ်ခဲ့သည်။

 

သတင်းစာရှင်းလင်းပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ စစ်ဆေးရေးမှူးချုပ် ဦးသန့်ဇော်က မီဒီယာများ မေးမြန်းလိုသော အချက်အလက်များကို ဖြေကြားပေးရန် ယခုကဲ့သို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

 

၎င်း၏ ရှင်းလင်းချက်မှာ “ အထက်ပါသတင်းစာရှင်းလင်းပွဲမှာ  နိုင်ငံဝန်ထမ်းများကျတော့ ဖိနှိပ်တယ်၊ တစ်ချို့ ကိုယ်စားလှယ်များကျတော့ ခံဝန်ထိုးခိုင်းတယ်ဆိုပြီး မေးမြန်းချက်အပေါ် ကော်မရှင်ကိုပဲ တိုက်ရိုက် မေးဖို့ ဉီးဇော်ဌေးက ရည်ညွှန်းခဲ့ပါတယ်။ ဒါ့ကြောင့် ရှေးဦးစွာ အဆိုပါကိစ္စနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပါမယ်။ နမူနာအနေဖြင့် ပြောရရင်၂၀၁၈ ခုနှစ် အတွင်းမှာ ကျွန်တော်တို့ထံ တိုင်ကြားစာ ၁၀၅၄၃ စောင် ရောက်ရှိပါတယ်။ အဲ့ဒီမှာ နိုင်ငံ့ဝန်ထမ်းများအပေါ် တိုင်ကြားစာ ၇၅ ရာခိုင်နှုန်းပါဝင်ပါတယ်။ ပြည်သူ့ ဝန်ထမ်းများအပေါ် တိုင်ကြားစာ ၁၈ ရာခိုင်နှုန်းသာ ရှိပါတယ်။ အဆိုပါပြည်သူ့ဝန်ထမ်းများတွင် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးမှစ၍ နိုင်ငံရေးအရ လုပ်ပိုင်ခွင့်ရှိသူများအဆင့်ထိ ပါဝင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့၏ အရေးယူဆောင်ရွက်မှုဟာ နိုင်ငံ့ဝန်ထမ်းများအပေါ် ပိုမိုသက်ရောက်မှု ရှိနေခြင်းဖြစ်ကြောင်း နားလည်ပေးစေလိုပါတယ်။

 

ဒါ့အပြင် အဂတိလိုက်စားမှုနှင့်ပတ်သက်ပြီး ကမ္ဘာပေါ်တွင် လူအများစုလက်ခံထားသော အဓိပ္ပာယ်ဖွင့်ဆိုချက် ၂ ရပ် ရှိပါတယ်။ အဲ့ဒါတွေကတော့ ကမ္ဘာ့ဘဏ်အုပ်စုက ဖွင့်ဆိုထားတဲ့ “ အဂတိလိုက်စားမှုဆိုသည်မှာ ပုဂ္ဂလိကအကျိုးစီးပွားအလို့ငှာ အများပြည်သူဆိုင်ရာ ရုံးဌာနတစ်ခုကို အလွဲသုံးစားပြုခြင်း” ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့အစည်းက ဖွင့်ဆိုထား တဲ့ “အဂတိလိုက်စားမှုဆိုသည်မှာ ပုဂ္ဂလိကအကျိုးအမြတ်အလို့ငှာ ယုံကြည်အပ်နှံထားသော ပါဝါကို အလွဲသုံးစားပြုခြင်း” ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ကျွန်တော်တို့ နိုင်ငံလိုပဲ နိုင်ငံတိုင်းမှာ ရှိတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီများအားလုံးဟာ လုပ်ပိုင်ခွင့်ရှိသူများအပေါ် ပိုမိုအရေးယူ ဆောင်ရွက်ရခြင်းဖြစ်တာကိုလည်း လက်ခံနိုင်ဖို့လိုပါတယ်။

 

ဆက်လက်ပြီး ကျွန်တော်တင်ပြလိုတာကတော့ ကျွန်တော်တို့ ကော်မရှင်ကို ရောက်လာတဲ့ တိုင်ကြားစာများအပေါ် မည်ကဲ့သို့ အရေးယူစိစစ်ဆောင်ရွက်သလဲ ဆိုတဲ့ကိစ္စကို ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

 

တိုင်ကြားစာများအပေါ် စိစစ်ဆောင်ရွက်ခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ပေးပို့လာသော တိုင်ကြားစာများအား ကော်မရှင်အဖွဲ့ဝင်(၆)ဉီး ပါဝင်သောအဖွဲ့ဖြင့် ကနဉီးစိစစ်ပြီး တွေ့ရှိချက်များအပေါ် တိုင်ကြားစာ စိစစ်သုံးသပ်ရေးလုပ်ငန်းကော်မတီ၏ သဘောထားမှတ်ချက်ဖြင့် ကော်မရှင်အစည်းအဝေးသို့တင်ပြ အဆုံးအဖြတ် ခံရပါကြောင်း၊ ကော်မရှင်အစည်းအဝေးတွင် အဂတိလိုက်စားကြောင်း ဖော်ပြထားချက်များနှင့် အရေးကြီးသည့် သက်သေခံချက်များပါရှိသော တိုင်ကြားမှုများကို အကျေအလည် ဆွေးနွေးပြီး အများဆန္ဒ သဘောတူညီချက်ဖြင့် စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ပါကြောင်း၊ ယင်းသို့ ဆုံးဖြတ်သည့်အခါ ကော်မရှင်အဖွဲ့ဝင်တစ်ဉီးခေါင်းဆောင်၍ အဖွဲ့ဝင် ၈ ဦးခန့်ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ စစ်ဆေးတင်ပြရန် တာဝန်ပေးအပ်ပါကြောင်း။

 

ကော်မရှင်က တာဝန်ပေးခြင်းခံရသော စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သက်ဆိုင်ရာနယ်မြေ များသို့သွားရောက်၍ တိုင်ကြားသူနှင့် ၎င်းဖော်ညွှန်းသည့် သက်သေများအား စစ်ဆေးခြင်း၊ သက်သေခံပစ္စည်းစာရွက်စာတမ်း၊ စာရင်းဇယားများ၊ ငွေစာရင်းများ သိမ်းဆည်းခြင်းနှင့် တိုင်ကြားခံရသူနှင့် ၎င်းဘက်မှတင်ပြသော သက်သေခံချက်များအားရယူခြင်း စသည်ဖြင့် စုံစမ်းစစ်ဆေးရေး လုပ်ငန်းများ ပြည့်စုံစွာဆောင်ရွက်ပြီးနောက် စုံစမ်းစစ်ဆေး တွေ့ရှိချက်အစီရင်ခံစာကို ကော်မရှင် ဥက္ကဋ္ဌထံ ဆောလျင်စွာတင်ပြရပါကြောင်း။

 

အဆိုပါ စုံစမ်းစစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို အနီးစပ်ဆုံးဖြစ်သည့် ကော်မရှင်အစည်းအဝေးတွင် တင်ပြသည့်အခါ ဤဥပဒေပါပြစ်မှုတစ်ခုခုကို ကျူးလွန်ကြောင်း ခိုင်လုံသော အထောက်အထားများ ပေါ်ပေါက်ခြင်းမရှိပါက ကော်မရှင်က စွပ်စွဲတိုင်တန်းချက်ကို ပယ်ချပြီး ခိုင်လုံသော အထောက်အထားများ ပေါ်ပေါက်ပါက ထိုသူအား တရားစွဲဆိုရန် ကြိုတင်ခွင့်ပြုမိန့်ထုတ်ပေးကာ သက်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုရန်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့တွင်ပါဝင်သော စစ်ဆေးရေးမှူးတစ်ဉီးကို တာဝန်ပေးအပ်ပါကြောင်း။
 

ထိုသို့တာဝန်ပေးသည့်အခါ စွပ်စွဲခံရသူအား နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၁၆၅ (ခ)နှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးထံမှ ဖမ်းဆီး ချုပ်နှောင်ခွင့်ပြုမိန့် တောင်းခံခြင်း၊ သက်ဆိုင်ရာရဲစခန်းတွင် ပထမသတင်းပေး တိုင်တန်းချက် ဖွင့်လှစ်ခြင်း၊ ဖမ်းဆီးခံရသူအား တရားရုံးတွင် ချုပ်ရီမန်တောင်းခံခြင်းများကို ကျွန်တော်ကကြီးကြပ်၍ ဆောင်ရွက်ပါကြောင်း၊ တရားစွဲဆိုရန် ဆုံးဖြတ်သည့်ကိစ္စများတွင် ကော်မရှင်အဖွဲ့ဝင်တစ်ဉီးချင်းစီ၏ သဘောထားများကို ရယူပြီး ကော်မရှင်၏ ဆင်ခြင်တုံတရားဖြင့် အပြန်ပြန်အလှန်လှန် စဉ်းစားသုံးသပ်ပြီးမှ ဆုံးဖြတ်ခြင်းဖြစ်ပါကြောင်း။

 

သက်ဆိုင်ရာတရားရုံးသို့ တရားစွဲဆိုတင်ပို့ခြင်း

တရားစွဲဆိုရန် တာဝန်ပေးအပ်ခြင်းခံရသော စစ်ဆေးရေးမှူးသည် အမှုအား ခိုင်မာအောင် တည်ဆောက်ပြီး သက်ဆိုင်ရာစီရင်ပိုင်ခွင့်အာဏာရှိသည့် တရားရုံးတော်သို့ စွပ်စွဲခံရသူအား တရားစွဲဆိုတင်ပို့ရပါကြောင်း၊ ကော်မရှင်က တရားစွဲဆိုသည့်အမှုများကို ပြည်ထောင်စုရှေ့နေချုပ်ရုံး လက်အောက်ရှိ ဉပဒေရုံးအဆင့်ဆင့်မှ ဉပဒေအရာရှိများက နိုင်ငံတော်ကိုယ်စား တရားလိုအကျိုးဆောင်အဖြစ် တာဝန်ယူ၍ လိုက်ပါဆောင်ရွက်ပေးပါကြောင်း၊

 

သက်ဆိုင်ရာ တရားရုံးတွင် တရားလိုနှင့် တရားလိုပြသက်သေများအား စတင်စစ်ဆေးရပါသည်။ တရားလိုပြသက်သေများသည် ကော်မရှင်က ဖွဲ့စည်းပေးသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ထံ အစစ်ဆေးခံစဉ်က ခိုင်လုံစွာထွက်ဆိုအစစ်ခံခဲ့သည့်အတိုင်း တရားရုံးတွင် အမှန်အတိုင်းအစစ်ခံချက် ပေးသည့်အခါ အမှုခိုင်မာမှု အားကောင်းပြီး အောင်မြင်မှုများ ရရှိနိုင်ပါကြောင်း။

 

အချို့အမှုများ၌ စုံစမ်းစစ်ဆေးရေးအဖွဲ့ရှေ့တွင် စစ်ဆေးစဉ်က အမှန်အတိုင်း ထွက်ဆို အစစ်ခံခဲ့သော်လည်း တရားရုံးရှေ့မှောက်အစစ်ခံသည့်အခါ အကြောင်းအမျိုးမျိုးကြောင့် ဆန့်ကျင် ကွဲလွဲ၍ အစစ်ခံချက် ပေးသည်များလည်း ရှိတတ်ပါကြောင်း၊ သက်သေအချို့မှာ တရားရုံးသို့ သွားရောက် အစစ်ခံချက် ပေးလိုမှုမရှိခြင်း၊ အချိန်ကြာလာသည်နှင့်အမျှ မေ့လျော့တတ်ခြင်း၊ လူမှုရေးအရ စွပ်စွဲ ခံရသူအပေါ် သနားငဲ့ညှာလိုခြင်း၊ အားနာတတ်ခြင်း၊ မလျော်ဩဇာ အသုံးပြုခံရခြင်း၊ ဖြစ်ရပ်မှန်အား အပြည့်အစုံထွက်ဆိုရန် ဝန်လေးတတ်ကြခြင်းတို့ကြောင့် အမှုခိုင်မာမှုကို ထိခိုက်စေပြီး စွပ်စွဲခံရသူ ဘက်သို့ အခွင့်အရေးပေးသကဲ့သို့ ဖြစ်သွားသည်များလည်း ရှိတတ်ပါကြောင်း၊ တရားရုံးများအနေဖြင့်လည်း ရုံးရှေ့ထွက်ချက်ကိုသာ အခြေခံ၍ စီရင်ဆုံးဖြတ်ကြပါကြောင်း။

 

ကော်မရှင်က တရားစွဲဆိုတင်ပို့သော အမှုများတွင် တရားလိုပြသက်သေများ၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ကြောင်း ငြိစွန်းသောပုဒ်မဖြင့် သက်ဆိုင်ရာတရားရုံးတွင် စွဲချက်တင်ပြီးသည့်အခါ ကျွန်တော်တို့ကော်မရှင်အနေဖြင့် သက်သေပြရန်တာဝန် ကျေပွန်ပြီ ဟု မှတ်ယူနိုင်ပါကြောင်း။

 

သက်ဆိုင်ရာ တရားရုံးက စွပ်စွဲခံရသူအပေါ် ငြိစွန်းသည့်ပုဒ်မနှင့် စွဲချက်တင်သည့်အခါ စွပ်စွဲခံရသူနှင့် ၎င်းတင်ပြသော တရားခံပြသက်သေများကို တရားရုံးက စစ်ဆေးရပါသည်။ ၎င်းနောက် နှစ်ဖက်လျှောက်လဲချက်ကြားနာ၍ အပြီးသတ်အမိန့်ချမှတ်ရာတွင် ကျွန်တော်တို့ တင်သွင်းခဲ့သော သက်သေခံအထောက်အထားများအပြင် ထပ်မံပေါ်ပေါက်ချက်များအပေါ် မူတည်၍ တရားသူကြီး၏ ဆင်ခြင်တုံတရားအရသာ အမိန့်ချမှတ်ခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

တရားရုံး၏ အမိန့်အပေါ် စိစစ်သုံးသပ်ခြင်း

 

နိုင်ငံတော်ကိုယ်စား ကော်မရှင်က တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့သော အမှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တရားရုံးက တရားခံအပေါ် ပြစ်မှုထင်ရှားစီရင်သည့်အခါ အဆိုပါအမိန့်သည် ပြစ်မှုနှင့် ပြစ်ဒဏ် လျော်ကန်သင့်မြတ်မှု ရှိ/မရှိနှင့် အမှုမှ အပြီးအပြတ်လွှတ်ကြောင်း အမိန့်ချမှတ်သည့် အမှုတွင် တရားရုံး၏ အမိန့်မှာ စစ်ဆေးပေါ်ပေါက်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ဉပဒေနှင့် ညီ/မညီ၊ မှားယွင်း တိမ်းစောင်းခြင်း ရှိ/မရှိ တို့ကို တရားရုံး၏ စီရင်ချက်အမိန့်နှင့် အမှုမှ တရားလိုပြသက်သေများနှင့် တရားခံပြသက်သေများ၏ ထွက်ဆိုချက် တာဝန်ခံမိတ္တူမှန်များကို ကူးယူ၍ စိစစ်ပါကြောင်း စိစစ်တွေ့ရှိချက်အရ တရားရုံး၏အမိန့်အပေါ် အဆင့်မြင့်တရားရုံးသို့ အယူခံမှု၊ ပြင်ဆင်မှုတက်ရောက်ရန် ကော်မရှင်အစည်းအဝေးက ဆုံးဖြတ်သည့်အခါ ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်ပါကြောင်း။

 

ကော်မရှင်က တရားစွဲဆိုခဲ့သည့် အမှုများ အခြေအနေတင်ပြခြင်း

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို စတင်ဖွဲ့စည်းသည့် ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ရက် အထိ ကာလတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆို တင်ပို့မှု(၆၅)မှု ရှိခဲ့ပါသည်။ ယခုကော်မရှင် စတင်တာဝန်ထမ်းဆောင်သည့် ၂၄.၁၁.၂၀၁၇ ရက်နေ့မှ ၁၅.၉.၂၀၁၉ ရက်နေ့အထိ တရားစွဲတင်ပို့မှု ယခုဆိုလျှင် (၁၀၁) မှုရှိပြီ ဖြစ်ပါကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

 

တရားရုံး၏ အပြီးအပြတ်လွှတ်သည့် အမိန့်အပေါ် သုံးသပ်ခြင်း

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ၁၉.၈.၂၀၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၊ ရာဇဝတ်ကြီးမှုအမှတ်(၈/၂၀၁၇၊ ၉/၂၀၁၇) တရားလို ဦးအောင်မြင့်ဇော်နှင့် တရားခံဉီးမင်းလွင်စိုး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ တရားစွဲဆိုတင်ပို့ ခဲ့ပါကြောင်း။ အမှုမှာ ဦးမျိုးခက်သည် နေပြည်တော် သားသတ်လိုင်စင် လုပ်ပိုင်ခွင့်ရရှိသူဖြစ်ပြီး အသား ထုတ်လုပ်ခွင့် ၃ ရက် ရပ်ဆိုင်းခံရသည့်အတွက် ထုတ်လုပ်ခွင့်ပြန်လည်ရရှိနိုင်ရန် ဇနီးဖြစ်သူနှင့် အတူ လုပ်ပိုင်ခွင့်ရှိသူ ဈေးများဌာန၊ ဌာနမှူး ဦးမင်းလွင်စိုး၏ နေအိမ်သို့သွားရောက်၍ ငွေကျပ် ဆယ်သိန်းနှင့် လက်ဆောင်ခြင်း ပေးရသည့် အမှုဖြစ်ပါကြောင်း။

 

ယင်းအမှုမှာ ယခင်ကော်မရှင်တာဝန်ယူစဉ်က တရားစွဲဆိုခဲ့သော အမှုဖြစ်ပါသည်။ ထိုစဉ်က ဖွဲ့စည်းပေးခဲ့သော စုံစမ်းစစ်ဆေးရေးအဖွဲ့သည် တိုင်ကြားသူနှင့်ဖော်ညွှန်းသက်သေများ စစ်ဆေးခြင်း၊ လိုအပ်သော သက်သေခံအထောက်အထားများ သိမ်းဆည်းခြင်း၊ ဉီးမျိုးခက်နှင့် ၎င်း၏ဇနီးဖြစ်သူ တို့က စွပ်စွဲခံရသူ၏နေအိမ်သို့သွားရောက်၍ လက်ဆောင်ပေးစဉ် လက်ကိုင်ဖုန်းနှင့်ရိုက်ကူးထားသော Video မှတ်တမ်းအား နေပြည်တော်မှုခင်းရဲတပ်ဖွဲ့မှူးရုံး (CID)သို့ပေးပို့၍ သက်သေခံ လက်ကိုင်ဖုန်းများတွင် ရုပ်သံဖိုင်/ ဓါတ်ပုံများ/ အသံပြောကြားချက်များ ပါဝင်ခြင်း ရှိ/မရှိ ၊ ရုပ်သံဖိုင်/ ဓါတ်ပုံများ/အသံပြောကြားချက်များကို မည့်သည့်နေ့ရက်၊ မည့်သည့်အချိန်တွင် ရိုက်ကူးအသံဖမ်းယူထားပါကြောင်း၊ ရုပ်သံဖိုင်/အသံဖိုင် ပြောကြားချက်များအား စာသားအဖြစ် ပြောင်းလဲထားသော မှတ်တမ်းအား စစ်ဆေးသည့် ရုပ်သံဖိုင်များနှင့် တူညီမှု ရှိ/မရှိ မေးမြန်းခဲ့ရာ CID ၏ နည်းပညာဆိုင်ရာ ပြန်ကြားချက်အရ သက်သေခံ လက်ကိုင်ဖုန်းအတွင်းရှိ Video ဖိုင်သည် ဦးမျိုးခက်တို့ ဦးမင်းလွင်စိုးနေအိမ်သို့ သွားရောက်သည်ဆိုသော ၁၉.၈.၂၀၁၇ ရက်နေ့ ၁၈း၁၂ နာရီ အချိန်ခန့်က ရိုက်ကူးထားခဲ့ကြောင်းနှင့် စာသားအဖြစ် ပြောင်းလဲထားသော မှတ်တမ်းများသည် စစ်ဆေးဆောင်ရွက် တွေ့ရှိချက်နှင့်တူညီကြောင်း ပြန်ကြားချက်အရလည်းကောင်း၊ တံစိုးလက်ဆောင်ပေးရသူတို့၏ သက်သေအစစ်ခံချက်များအရ လည်းကောင်း၊ စွပ်စွဲခံရသူ ဉီးမင်းလွင်စိုးသည် တံစိုးလက်ဆောင် ရယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ကော်မရှင်အစည်းအဝေးမှ တရားစွဲဆိုရန်ဆုံးဖြတ်ခဲ့ကြောင်း တွေ့ရှိရပါ သည်။ အလားတူပင် သားသတ်လုပ်ငန်းလုပ်ကိုင်သူ ဘိုဘိုဟန်ကလည်း ယင်း၏မိတ်ဆွေ ကျော်ဇေယျ(ခ)ကျော်ကြီးနှင့်အတူ ဉီးမင်းလွင်စိုးအား ငွေကျပ်သိန်းနှစ်ဆယ် ပေးရသည်ဆိုသည့် ကိစ္စတွင်လည်း အသံဖိုင်နှင့်အတူ ပေါ်ပေါက်နေသည့်အတွက် တရားစွဲဆိုခဲ့ခြင်းဖြစ်ပါကြောင်း။

 

အဆိုပါအမှု နှစ်မှုမှ တရားလိုပြသက်သေများနှင့် သက်သေခံအထောက်အထားများ စစ်ဆေးပြီးသည့်အခါ တရားရုံးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရပင် စွဲချက်တင်ခဲ့ပါသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သည် တရားခံပြသက်သေများ စစ်ဆေးပြီးနောက် သက်သေခံ တင်ပြထားသော Video မှတ်တမ်းကို မှုခင်းရဲတပ်ဖွဲ့မှူးရုံးသို့ ထပ်မံထင်မြင်ချက်တောင်းခံခဲ့ရာ မြင်ကွင်းပုံရိပ်များ တစ်ဆက်တစ်စပ်တည်း မရှိကြောင်း စစ်ဆေး တွေ့ရှိရသည်ဟု မှုခင်းရဲတပ်ဖွဲ့ကပင် တရားရုံးသို့ ထပ်မံပြန်ကြားခဲ့ခြင်း ဖြစ်ပါသည်။ တရားရုံးက ရုံးခေါ်သက်သေကျွမ်းကျင်သူ၏ အစစ်ခံချက်အပေါ် အခြေပြုသုံးသပ်၍ ကျွန်တော်တို့ဘက်က တရားခံသည် စွပ်စွဲသောပြစ်မှုကို ကျူးလွန်ကြောင်း ပြည့်စုံစွာ သက်သေထင်ရှားပြသနိုင်ခြင်း မရှိဟု သုံးသပ်ပြီး ၂၈.၈.၂၀၁၉ ရက်နေ့တွင် တရားခံ ဉီးမင်းလွင်စိုးအပေါ် အမှုမှ အပြီးအပြတ်လွှတ်သည့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါသည်။ ကော်မရှင်သည် တရားရုံးက ချမှတ်သောအမိန့်မှာ အမှုစစ်ဆေး ပေါ်ပေါက်မှုများနှင့် ကိုက်ညီမှု ရှိ/မရှိ၊ ဥပဒေနှင့် ညီ/မညီ ၊ မှားယွင်းတိမ်းစောင်းခြင်း ရှိ/မရှိတို့ကို စိစစ်လျက်ရှိပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန်ရှိပါကြောင်း ပြောကြားသည်။

 

မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)စက်ရုံမှူးနှင့် ဉီးဆောင်ညွှန်ကြားရေးမှူးကိစ္စ

 

ဆေးဝါးစက်ရုံ(အင်းစိန်)မှ စက်ရုံမှူးသည် သွေးကြောသွင်းဆေးရည်ဗူး ထုတ်လုပ်ရန်အတွက် ကော်စေ့များဝယ်ယူရာတွင် တင်ဒါအောင်သည့်ကုမ္ပဏီက တင်ဒါစည်းကမ်းနှင့်အညီ ဆေးဝါးသုံးစွဲ ရန် အရည်အသွေးမီသည့်ကော်စေ့ကို မပေးသွင်းမီ တင်ဒါလုပ်ထုံးလုပ်နည်းနှင့်မညီဘဲ အရည်အသွေးနိမ့် ကော်စေ့များကို မသင့်မလျော် မှာယူလက်ခံပြီး ဆေးရည်ဗူးများထုတ်လုပ်၍ ကျန်းမာရေးဝန်ကြီး ဌာနသို့ ရောင်းချခဲ့ကြောင်း၊ ကျင့်ဝတ်နှင့် ပြည်သူ့ကျန်းမာရေးရှုထောင့်အရ အဆိုပါ ဆေးရည်ဗူးများသည်ပြည်သူလူထုအနေဖြင့် ရေရှည်အသုံးပြုရန် မသင့်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနက အသုံးပြုမှု ရပ်ဆိုင်းထားရန် တားမြစ်ထားခဲ့ခြင်းများကြောင့် လူတစ်ဉီး တစ်ယောက်၊ အဖွဲ့အစည်းတစ်ခုခု၏ အကျိုးစီးပွားထက် အများပြည်သူအကျိုးစီးပွားကို ထိခိုက်စေသောကိစ္စဖြစ်သည့်အပြင် နိုင်ငံတော်၏ ငွေကြေးနှင့်ပစ္စည်းကို ထိခိုက်နစ်နာဆုံးရှုံးကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အရေးယူခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

 

၎င်းအပြင် ဉီးဆောင်ညွှန်ကြားရေးမှူးသည် ဝယ်ယူရေးလုပ်ငန်းတွင် အဓိကတာဝန်ရှိသူ တစ်ဉီးဖြစ်ပါသည်။ ၎င်း၏ကြီးကြပ်မှုလက်အောက်ရှိ ဆေးဝါးစက်ရုံ(အင်းစိန်)၌ သွေးကြောသွင်း ဆေးရည်ထည့်သွင်းရန် ဗူးထုတ်လုပ်ရန်အတွက် ဆေးဝါးသုံးအဆင့်ကော်စေ့ဝယ်ယူခြင်းကို တင်ဒါ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ထားသော်လည်း ၎င်းသည်ဝယ်ယူရေးလုပ်ငန်း ပြီးစီးသည် အထိ စနစ်တကျဖြစ်စေရန် တာဝန်ရှိပါသည်။ သို့သော် စက်ရုံမှူးသည် ၎င်းကိုယ်တိုင်၏ ထွက်ဆိုချက် အရ ၎င်း၏သဘောဆန္ဒဖြင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီထံမှ စံချိန်စံညွှန်းနှင့်မညီသည့် စားသောက်ကုန်သုံး အရည်အသွေးနိမ့် ကုန်ကြမ်းကော်စေ့များကိုမှာယူပြီး ဆေးရည်ဗူးများ ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်းပေါ်ပေါက်ပါသည်။ ဤကိစ္စကို အချိန်မီတားဆီးကာကွယ်ရန်နှင့် ကြီးကြပ်ကွပ်ကဲရန် တာဝန်ပျက်ကွက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဉီးဆောင်ညွှန်ကြားရေးမှူးအား စီမံခန့်ခွဲမှု နည်းလမ်းဖြင့် အရေးယူနိုင်ရန် တင်ပြခဲ့ခြင်းဖြစ်ပါကြောင်း

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃ (က) (၂)တွင် “မည်သူမဆို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင် ဖြစ်စေ၊ ယင်းတို့၏ ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်း ပြုရာတွင် ဖြစ်စေ၊ ယင်းတို့နှင့် သက်ဆိုင်မှုရှိသော သဘောတူစာချုပ်တစ်ခုတွင် ပါဝင်ခြင်း၊ စီမံဆောင်ရွက်ခြင်းပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော် ၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေခြင်း” ဟု ပြဌာန်းထားပါကြောင်း။

 

ယခုကိစ္စတွင် တင်ဒါစည်းကမ်းနှင့်အညီ စိစစ်ရွေးချယ် သတ်မှတ်ထားခြင်းမဟုတ်သည့် စားသောက်ကုန်သုံး ကုန်ကြမ်းကော်စေ့များကို အသုံးပြုခဲ့သည့်အတွက် တင်ဒါလုပ်ထုံးလုပ်နည်းကို ဖောက်ဖျက်ရာကျ ပါသည်။ သို့ရာတွင် စည်းမျဉ်းစည်းကမ်းဖောက်ဖျက်ရုံနှင့် အဂတိလိုက်စားမှု မမြောက်နိုင်ပါ၊ စည်းမျဉ်းစည်းကမ်းဖောက်ဖျက်မှုကြောင့် နိုင်ငံတော်တွင် ငွေကြေး၊ ပစ္စည်းနစ်နာ ဆုံးရှုံးမှသာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းမည်ဖြစ်ပါကြောင်း၊ ယခုဖြစ်စဉ်တွင် ကော်မရှင်က တရားဝင် ကျန်းမာရေးဝန်ကြီးဌာနသို့ မေးမြန်းစုံစမ်းခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ၎င်းကုန်ကြမ်းပစ္စည်းကော်စေ့များဖြင့် ထုတ်လုပ်ထားသည့် ဆေးရည်ဗူးများသည် လတ်တလောတွင် ကျန်းမာရေးအန္တရာယ်မရှိဟုဆိုနိုင်သော်လည်း ကျင့်ဝတ်နှင့် ပြည်သူ့ကျန်းမာရေး ရှုထောင့်အရ ၎င်းဆေးဗူးများအား အပူချိန်မြင့်သောနေရာတွင် ကာလတာရှည်သိမ်းဆည်းထားပါက Lead(Pb)စိမ့်ဝင်မှုမှာ ယခုစိမ့်ဝင်သော ပမာဏထက် ပိုမိုစိမ့်ဝင်လာနိုင်မည်ဖြစ်ပါသောကြောင့် ပြည်သူလူထုတွင် အသုံးပြုရန် မသင့်ကြောင်း မှတ်ချက်ပြုပြန်ကြားခဲ့ပါကြောင်း၊ ထို့အပြင် ကျန်းမာရေး ဝန်ကြီးဌာနသည် အဆိုပါကုန်ကြမ်းဖြင့် ထုတ်လုပ်သောဆေးဝါးများကို အသုံးပြုခြင်းမှ ရပ်ဆိုင်းထားခဲ့ပြီးဖြစ်ပါကြောင်း၊ ဒါကြောင့်နိုင်ငံတော်အတွက် ငွေကြေး၊ ပစ္စည်းဆုံးရှုံး နစ်နာမှုဖြစ်ပေါ်ရသောကြောင့် ဥပဒေနှင့်အညီတရားစွဲဆိုရခြင်း ဖြစ်ပါကြောင်း၊ အမှန်တော့ ဒီစက်ရုံမှာ ပြည်သူ့ကျန်းမာရေးကျင့်ဝတ်နဲ့ မညီညွတ်တဲ့ ကိစ္စတစ်ချို့ကိုလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ တွေ့ရှိခဲ့တာလည်း ရှိပါကြောင်း၊ ဒီနေရာမှာတော့ မပြောကြားလိုပါဘူး။ ပြည်သူ့ကျန်းမာရေးကို ကျင့်ဝတ်အဆင့် အတန်းနှင့်အညီ စောင့်ရှောက်ထောက်ပံ့ ပေးရန်တာဝန်ရှိသည့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဤသို့သုံးစွဲမှုရပ်ဆိုင်းလိုက်ခြင်းသည်လည်း ပြည်သူလူထုကို ဘေးကင်းစိတ်ချရမှု အကျိုးကိုဖြစ်စေသည်သာမက စက်ရုံ အတွက်လည်း နောင်တွင် ပိုမိုအရည်အသွေးစစ်မှန်ကောင်းမွန်သော အဆင့် အတန်းမီ ဆေးဝါးများ ထုတ်လုပ်ရေးအတွက် အထောက်အပံ့ဖြစ်စေလိမ့်မည်ဟု ယုံကြည်ပါကြောင်း ရှင်းလင်းတင်ပြသည်။

 

Source- ACC Myanmar