အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေး အစီအစဉ်ဆောင်ရွက်

နေပြည်တော်       စက်တင်ဘာ       ၉

 

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ရုံးတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ယင်းသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အသိပညာပေးလုပ်ငန်းသည်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်ဖြစ်ရာ ကော်မရှင်၏လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှု မရှိစေရေး၊ ကော်မရှင်ရုံးရှိ ဝန်ထမ်းများ အဂတိလိုက်စားမှုမှ တားဆီးကာကွယ် ရေးနှင့်စပ်လျဉ်းသည့် အသိပညာ၊ ဗဟုသုတများ ရရှိစေရေး၊ အဂတိလိုက်စားခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဆက်နွှယ်နေသည့် အကြောင်းအရာများကို အသိပညာပေးရေး၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့အကြောင်းကို ကော်မရှင်ရုံးရှိ ဝန်ထမ်းများ သိရှိနားလည်လာရေး စသည်တို့ကို ရည်ရွယ်လျက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးအစီအစဉ်ကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။

 

အဆိုပါအစီအစဉ်၏ ဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

အသိပညာပေး အစီအစဉ်တွင် ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်က အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့အကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်ဝင်းက အဂတိလိုက်စားခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခြင်းအကြောင်းကို လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးသူရကျော်က ကော်မရှင်က လက်ခံရရှိသည့် အဂတိလိုက်စားမှုနှင့် ဆက်နွှယ်သည့်အမှုများအကြောင်း တို့ကို လည်းကောင်း ဆွေးနွေးပို့ချခဲ့ကြပြီး ကော်မရှင်ရုံးချုပ်မှ ဒုတိယဦးစီးမှုးနှင့် အထက်ဝန်ထမ်း ၃၈ ဦးနှင့်  ကော်မရှင်ရုံးခွဲများ (နေပြည်တော်) (မန္တလေး) (စစ်တွေ) နှင့် (ပုသိမ်) တို့မှ ဝန်ထမ်း ငါးဦးတို့ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်