AFC Women's Football Day ကျင်းပ

ရန်ကုန် ၉ မတ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့၏ ပူးပေါင်းမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီမှ ကြီးမှူးကျင်းပသည့် AFC  Women's Football Day 2019 အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်မာလာဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမားဟောင်း ဒေါ်ဇင်မာဝမ်းက ဘောလုံးအကြောင်း သိကောင်းစရာများ ရှင်းလင်းပြောကြား၍ တာဝန်ရှိသူများအတူ ဘောလုံးကန်ကာ ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူများက အမျိုးသမီးငယ်များ၏ အခြေခံဘောလုံး ကိုင်တွယ်ခြင်းများ သရုပ်ပြသခြင်း၊ တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသမီးအသင်းမှ နှစ်သင်းခွဲ၍ သရုပ်ပြသမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ AFC Women's Football Day 2019 အခမ်းအနားကို အာရှတိုက်နိုင်ငံများတွင် တစ်နှစ်တစ်ကြိမ် ကျင်းပခဲ့ရာ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှစ၍ ယခုနှစ်အထိ လေးကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ -  အာကာစိုး

 

mdn