AFC Cup ပြိုင်ပွဲတွင် ရန်ကုန်အသင်း အိမ်ကွင်း၌ နိုင်ပွဲရရှိ

နေပြည်တော် ၂၅ ရန်ကုန်

 

၂၀၂၀ AFC Cup ပြိုင်ပွဲ အုပ်စုဒုတိယနေ့အဖြစ် ရန်ကုန်အသင်းနှင့် လာအိုတိုယိုတာ (လာအို) အသင်းတို့ ယနေ့ညနေပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ ရန်ကုန်အသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

 

ရန်ကုန်အသင်းသည် အုပ်စုအဖွင့်ပွဲတွင် သရေကျထားသောကြောင့် ယခုပွဲတွင် အနိုင်ရရန် အားထည့်ကစားခဲ့ပြီး အနိုင်သုံးမှတ် စတင်ရယူနိုင်ခဲ့သည်။ သို့သော် ဂိုးပြတ်နိုင်ပွဲရယူနိုင်ခြင်းမရှိဘဲ တစ်ဂိုးအသာဖြင့်သာ အနိုင်ရခဲ့သောကြောင့် နောက်တစ်ဆင့် တက်ရေးအတွက် လာမည့်ပွဲများတွင် ရလဒ်ကောင်းရန် ပိုမိုကြိုးပမ်းရမည်ဖြစ်သည်။ လာအိုတိုယိုတာအသင်းမှာမူ နှစ်ပွဲဆက် အရေးနိမ့်ပြီး အခွင့်အရေးနည်းသွားခဲ့သည်။

 

ရန်ကုန်အသင်းသည် ကျော်ဇင်ထက်(ဂိုး)၊ ဇာနည်ထက်၊ ထိုက်ထိုက်အောင်၊ အဘူဘာကာ၊ မင်းကျော်ခန့်၊ မောင်မောင်ဝင်း၊ ရှိုရီ၊ မောင်မောင်လွင်၊ ဇင်မင်းထွန်း၊ အောင်ကျော်နိုင်၊ ဘာဖိုတို့ဖြင့် ပွဲထွက်ခဲ့ပြီး အီမန်နျူရယ်၊ သိန်းသန်းဝင်းတို့ကို အနားပေးထားခဲ့သည်။

 

ရန်ကုန်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၁၈ မိနစ်တွင် အောင်ကျော်နိုင်က အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဂိုးရပြီး နောက်ပိုင်းတွင်လည်း ရန်ကုန်အသင်းကသာ ဆက်လက်ဖိကစားနိုင်ခဲ့ပြီး မိနစ် ၃၀ တွင် မောင်မောင်လွင်က ဒုတိယဂိုး ထပ်မံသွင်းယူခဲ့သည်။

 

ဒုတိယပိုင်းအစတွင် လာအိုတိုယိုတာအသင်းက တိုက်စစ်မြင့်လာပြီး ရန်ကုန်အသင်းမှာမူ ပထမပိုင်းလောက် ကစားပုံမကောင်း သောကြောင့် အခွင့်အရေးများပေးခဲ့ရသည်။ ၅၈ မိနစ်တွင် လာအိုတိုယိုတာအသင်း ချေပဂိုးပြန်ရခဲ့ပြီး ထောင့်ကန်ဘောမှ တစ်ဆင့် ကာဝါကာမီက သွင်းယူခဲ့သည်။

 

ရန်ကုန်အသင်းသည် ဂိုးပေးလိုက်ရသောကြောင့် ဂိုးပြန်ရရန် အားထည့်ကစားလာပြီး ၈၄ မိနစ်တွင် အောင်ကျော်နိုင်က တတိယဂိုးထပ်မံသွင်းယူခဲ့သည်။ သို့သော် ပွဲပြီးခါနီးတွင် ငြိမ်းချမ်းအောင် လက်ထိခဲ့သောကြောင့် ရန်ကုန်အသင်း ပယ်နယ်တီပေးခဲ့ရပြီး ကော်စတာက အမှားအယွင်းမရှိ ကန်သွင်းခဲ့သောကြောင့် လာအိုတိုယိုတာအသင်း ဒုတိယချေပဂိုးရခဲ့သည်။

 

ရန်ကုန်အသင်းသည် နှစ်ပွဲကစား လေးမှတ်ရရှိထားသည်။ အုပ်စု (H) ဒုတိယနေ့အဖြစ် အင်ဒိုနီးရှားကလပ် မာကာဆာ အသင်းနှင့် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် ဖေဖော်ဝါရီ ၂၆ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် အင်ဒိုနီးရှားနိုင်ငံ၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်