AFC Cup ပြိုင်ပွဲ အုပ်စုပွဲဖြစ်သည့် ရှမ်းယူနိုက်တက်-ပါဆီဂျာ ပွဲအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်

၁၁ မတ်
    

၂၀၁၉ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုဒုတိယပွဲဖြစ်သည့် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းနှင့် အင်ဒိုနီးရှားကလပ် ပါဆီဂျာဂျကာတာအသင်းတို့၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်
ပိုင်းက သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပရာ နှစ်ဖက်အသင်းနည်းပြချုပ်များနှင့် ကစားသမားများ တက်ရောက်ခဲ့ သည်။
   

 ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးမင်းသူက''ပါဆီဂျာအသင်းရဲ့ နည်းပြချုပ် အိုင်ဗန်ကိုလက်ဗ်က ကျွန်တော်ရဲ့ ဆရာဖြစ်ပါတယ်။ ၂၀ဝ၄ တိုက်ဂါးဖလားပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းကိုကိုင်တွယ်စဉ်က အိုင်ဗန်ကိုလက်ဗ် လက်အောက်မှာ ကစားဖူးတာဖြစ်ပါတယ်။ သူက အတုယူစရာ ကောင်းတဲ့ နည်းပြဖြစ်ပြီး သူ့ဆီက သင်ယူစရာအများကြီးရှိပါတယ်။ ဒီပွဲမှာလည်း အနိုင်ရဖို့ကြိုးစားရင်းကသူ့ဆီက ပညာတွေသင်ယူသွားမှာပါ။ နည်းပြတိုင်းအတွက် ပွဲတိုင်းက ဖိအားအနည်း၊ အများရှိပါတယ်။ ပွဲတစ်ပွဲမှာ ရလဒ်ကောင်းဖို့က ကွင်းထဲမှာကစားရတဲ့ ကစားသမားက အရေးကြီးရှိပါတယ်။ 


နည်းပြဆရာဆိုတာ ဘယ်လိုကစားရမလဲဆိုတာပဲ သင်ကြားပေးလို့ရပြီး တကယ်ကစားရတာက ကစားသမားတွေပါ။ သူတို့စိတ်ပါပြီး ကောင်းကောင်းကစားနိုင်ရင် ရလဒ်ကောင်းပါတယ်။ ဒါကြောင့် နည်းစနစ် အပြင် ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကိုပါ သင်ကြားပေးနေပါတယ်။ ခက်ခဲတဲ့ပွဲဖြစ်ပေမယ့် အနိုင်ရအောင် ကြိုးစားမှာပါ''ဟု ပြောကြားသည်။ ပါဆီဂျာဂျကာတာအသင်းနည်းပြချုပ် အိုင်ဗန်ကိုလက်ဗ်က''ခက်ခဲတဲ့ပွဲတစ်ပွဲကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပထမဆုံးနိုင်ပွဲရဖို့ ကြိုးစားမှာဖြစ်ပြီး ရာသီဥတုအနေအထားက အင်ဒိုနီးရှားကတောင် ပိုပူတာကြောင့် အခက်အခဲတော့ မရှိပါဘူး။ (ဦး) မင်းသူက ကစားသမားကောင်းဖြစ်သလို နည်းပြဘဝမှာလည်း အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်မယ်လို့ ထင်ပါတယ်။ ဒဏ်ရာရကစားသမားတချို့ရှိပေမယ့် လိုအပ်ချက်မရှိအောင် ပြင်ဆင်ထားပါတယ်''ဟု ပြောကြားခဲ့သည်။
    

အိုင်ဗန်ကိုလက်ဗ်သည် ၂၀ဝ၄-၂၀ဝ၅ ခုနှစ်တွင် မြန်မာ့လက်ရွေးစင်အသင်းအား ကိုင်တွယ်ခဲ့ပြီး ၂၀ဝ၄ တိုက်ဂါးဖလားပြိုင်ပွဲ (ယခု အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ) တွင် ပထမဆုံး ဆီမီးဖိုင်နယ်တက်ရောက်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။ ဦးမင်းသူသည် ယင်းအချိန်တွင် မြန်မာ့လက်ရွေးစင်အသင်း နောက်တန်းအစွန်လူအဖြစ် ပါဝင်ကစားခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုပြိုင်ပွဲတွင် အဖွင့်ပွဲ၌ ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ထားပြီး ပါဆီဂျာအသင်းမှာမူ အိမ်ကွင်း၌ ဘင်ဒေါင်းအသင်းနှင့် ဂိုးမရှိသရေကျခဲ့သည်။ မြန်မာကလပ်အသင်းများသည် အုပ်စုဒုတိယပွဲကို မတ် ၁၂ ရက်တွင် တစ်ရက်တည်းကစားရမည်ဖြစ်ပြီး ညနေ ၃ နာရီခွဲတွင် သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက် (မြန်မာ) နှင့် ပါဆီဂျာဂျကာတာ (အင်ဒိုနီးရှား)၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ အမျိုးသားအားကစားကွင်း၌ နာဂါဝေါ (ကမ္ဘောဒီးယား) နှင့် ရန်ကုန် (မြန်မာ) အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ 


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်