AFC Cup ပြိုင်ပွဲ အုပ်စုစတုတ္ထပွဲများ ဧပြီ ၁၆၊ ၁၇ ရက် ကျင်းပမည်

ရန်ကုန် ၁၁ ဧပြီ

 


၂၀၁၉ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုစတုတ္ထနေ့ကို ဧပြီ ၁၆၊ ၁၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရန်ကုန်အသင်းက အိမ်ကွင်း၊ ရှမ်းယူနိုက်တက်အသင်းက အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 


ယင်းပွဲများမှာ မြန်မာကလပ်အသင်းများအတွက် အရေးပါနေပြီး နိုင်ပွဲရယူနိုင်မှသာ နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက် ရှင်သန်လာမည်ဖြစ်သည်။ ရန်ကုန်အသင်းသည် သုံးပွဲကစား သုံးမှတ်ရထားပြီး ယင်းပွဲတွင် အနိုင်ရပါက အုပ်စုဒုတိယနေရာအထိ တက်လှမ်းနိုင်ရန် မျှော်လင့်ချက်ရှိမည်ဖြစ်သည်။ 

 


ရန်ကုန်အသင်းသည် အုပ်စုအဖွင့် နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သော်လည်း ဗီယက်နမ်ကလပ် ဟနွိုင်းအသင်းကို တတိယပွဲတွင် အဝေးကွင်း၌ တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သောကြောင့် နောက်တစ်ဆင့်တက်ခွင့် မျှော်လင့်ချက် ဆက်လက်ရှင်သန်လာခြင်း ဖြစ်သည်။ ရန်ကုန်အသင်းပါဝင်သော အုပ်စု (F) တွင် တမ်ပနိစ်ရိုဗာ (စင်ကာပူ) အသင်းက ခုနစ်မှတ်၊ ဟနွိုင်း (ဗီယက်နမ်)က လေးမှတ်၊ ရန်ကုန် (မြန်မာ)နှင့် နာဂါဝေါ (ကမ္ဘောဒီးယား) က သုံးမှတ်စီရထားသည်။ ပထမအကျော့ပွဲအားလုံး ရှုံးထားသည့် ရှမ်းယူနိုက်တက်အသင်းသည် နောက်တစ်ဆင့်တက်ရန် ယခုပွဲမှာ အဆုံးအဖြတ်ဖြစ်နေပြီး အနိုင်ရမှသာ ဆက်လက်မျှော်လင့်နိုင်မည်ဖြစ်ကာ ရှုံးနိမ့်ခဲ့ပါက အုပ်စုအဆင့်မှ စောစီးစွာထွက်ရမည်ဖြစ်သည်။ 

 


ရှမ်းယူနိုက်တက်အသင်းပါဝင်သော အုပ်စု (G) တွင် ဆီရက်စ် (ဖိလစ်ပိုင်) အသင်းက ကိုးမှတ်၊ ပါဆီဂျာဂျကာတာ (အင်ဒိုနီးရှား) နှင့် ဘင်ဒေါင်း (ဗီယက်နမ်) တို့က လေးမှတ်စီရထားကာ ရှမ်းယူနိုက်တက်အသင်းမှာမူ အမှတ်မရသေးပေ။

 


အုပ်စုစတုတ္ထပွဲအဖြစ် ဧပြီ ၁၆ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ဘင်ဒေါင်း (ဗီယက်နမ်)နှင့် ရှမ်းယူနိုက်တက် (မြန်မာ)၊ ဧပြီ ၁၇ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ရန်ကုန် (မြန်မာ)နှင့် ဟနွိုင်း (ဗီယက်နမ်) တို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 


သတင်း - ညီမြတ်သော်တာ 
ဓာတ်ပုံ - စိုးညွန့်