အေးမြတဲ့ ဆောင်းရာသီမှာ စားပေးသင့်တဲ့ အစားအစာတွေ

၁၆  ဒီဇင်ဘာ

ဘာလိုလိုနဲ့ အေးမြတဲ့ ဆောင်းတွင်းကာလကို ရောက်လာခဲ့ပြီနော်။ ကျွန်တော်တို့နိုင်ငံမှာတော့ အရမ်းမအေးဘူးဆိုပေမဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပေါ့ဆလို့ မဖြစ်ပါဘူး။ ကျန်းမာရေးလို့ ဆိုရာမှာ အစားအစာဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာကို သိမှာပါ။ ဒါကြောင့် ဖျားနာခြင်းကင်းပြီး ကျန်းကျန်းမာမာနဲ့ ဆောင်းရာသီကို ကျော်ဖြတ်ဖို့ စားပေးသင့်တဲ့ အစားအစာတွေကို ပြောပြပေးမယ်နော်။

၁။ စွပ်ပြုတ်

အေးချမ်းတဲ့ ရာသီဥတုအတွက် အသင့်လျော်ဆုံး အစားအစာဖြစ်ပြီး အအေးမိ၊ နှာစေးတာတွေကိုလည်း ကာကွယ်ပေးနိုင်တယ်။ ဖြစ်လာရင်လည်း ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးမျိုးစုံနဲ့ စွပ်ပြုတ်လုပ်သောက်လို့ ရသလို ချင်းပြုတ်ရည်ဟာလည်း ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။ ကိုယ်တွင်းအပူကို အေးမြစေပြီး အပြင်ဘက်က အချမ်းဒဏ်ကိုလည်း ခံနိုင်ရည်ရှိစေတာကြောင့် စွပ်ပြုတ်ရည်တွေကို ဆောင်းတွင်းမှာ များများသောက်ပေးသင့်ပါတယ်။

၂။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

ဆောင်းရာသီမှာမှ မဟုတ်ပါဘူး။ ရာသီတိုင်း၊ အချိန်တိုင်းမှာ စားပေးသင့်တဲ့ အစားအစာဖြစ်ပြီး အာဟာရလည်းဖြစ်၊ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အအေးမိ၊ တုပ်ကွေးရောဂါကို ကာကွယ်ပေးနိုင်တဲ့အပြင် ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးပါတယ်။ ကိုက်လန်ရွက်၊ ကန်စွန်းရွက်၊ အစိမ်းရောင် ပန်းဂေါ်ဖီ အစရှိတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စုံလင်စွာ စားပေးဖို့ လိုအပ်ပါတယ်။

၃။ အချဉ်ဓါတ်ရှိတဲ့ အသီးတွေ

ချဉ်တဲ့အရသာရှိတဲ့ အသီးအနှံတွေဟာ ကိုယ်ခံအားကို ကောင်းမွန်စေပြီး ဗီတာမင်တွေလည်း ပေါကြွယ်ဝပါတယ်။ ဆောင်းရာသီလို အေးမြတဲ့ ရာသီဥတုမျိုးမှာ ချဉ်တဲ့ အသီးတွေကို ပိုမိုစားပေးသင့်ပါတယ်။ သံပုရာသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သလဲသီး အစရှိတဲ့ သစ်သီးတွေမှာ ဗီတာမင် C ဓါတ် အများအပြား ပါဝင်တာကြောင့် ဆောင်းရာသီမှာ စားပေးသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။

၄။ အာလူး

ကစီဓါတ်ပါဝင်မှုများပြီး ခန္ဓါကိုယ်ကိုလည်း ပြည့်ဝစေလို့ ဆောင်းတွင်းမှာ အာလူးများများ စားပေးသင့်ပါတယ်။ ကစီဓါတ်ကြောင့် လေးလံထိုင်းမှိုင်းနေတာတွေကို လျော့နည်းစေပြီး ခန္ဓါကိုယ်အတွက် အားအင်ဖြစ်စေတယ်။ တခြားသော ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေလည်း ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေတယ်။ ဗီတာမင် C နဲ့ B6 အပြင် အမျှင်ဓါတ်နဲ့ ဖောလစ်အက်ဆစ်ဓါတ်လည်း ပေါကြွယ်ဝစေလို့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ်မှာ များများစားပေးသင့်ပါတယ်။

၅။ ငါးနဲ့ ပင်လယ်စာ

တူနာငါး၊ ဆော်လ်မွန်ငါး အစရှိတဲ့ ငါးတွေအပြင် ပင်လယ်စာတွေမှာ ခန္ဓါကိုယ်ကို အကျိုးပြုစေတဲ့ Omega-3 fatty acid တွေအပြင် အာဟာရဓါတ် အများအပြား ပါဝင်လို့ ဆောင်းတွင်းမှာ စားပေးသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ နေရောင်ခြည်ကနေ အဓိကရတဲ့ ဗီတာမင် D ဓါတ်အပြင် အရိုးနဲ့ သွားကို သန်စွမ်းကြံ့ခိုင်စေတဲ့ ကယ်လ်စီယမ်ဓါတ်နဲ့ ခန္ဓါကိုယ်က လိုအပ်တဲ့ ပရိုတင်းဓါတ်ကိုပါ ရရှိနိုင်တာကြောင့် ဆောင်းရာသီမှာ ငါး၊ ပင်လယ်စာတွေကို စွပ်ပြုတ်နဲ့ ဖြစ်စေ၊ ဟင်းသီးဟင်းရွက်နဲ့ ရောချက်ပြီး ဖြစ်စေ စားသုံးပေးနိုင်ပါတယ်။

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ယခုဆောင်းပါးကို Myanmar Digital News မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်