အောင်ပန်းမြို့တွင် ငွေကျပ် ၃၈ ဒသမ ၃၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သာအဖက်တမင်း)များ ထပ်မံဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်  ၃၁  မေ     

 

ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် ငွေကျပ် ၃၈ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ အိုက်စသ် (မက်သာအဖက်တမင်း)များ ဖမ်းဆီးရမိကြောင်း သိရသည်။ 

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၄ ရက် နံနက် ၂ နာရီက   လွိုင်လင်မြို့၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်-တောင်ကြီးကားလမ်းတွင် အိုက်စ် (မက်သာအဖက်တမင်း) ၁၆၁၅ ကီလိုကို ပြစ်မှုကျူးလွန်သူ (၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် လွိုင်လင်မြို့မရဲစခန်းမှ မယ(ပ)၈/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ အရေးယူခဲ့ ကြောင်း၊   ဖမ်းဆီးရမိသူများအား စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသည့် မော်တော်ယာဉ်နှင့်အတူ အလားတူ (၁၂)ဘီးအမျိုးအစား မော်တော်ယာဉ် (၁)စီး စုစုပေါင်း ယာဉ်(၂)စီးဖြင့် မူးယစ်ဆေးဝါးများ တင်ဆောင်သယ်ယူ လာကြောင်း ပေါ်ပေါက်သဖြင့် ပူးပေါင်းအဖွဲ့မှ စိစစ်ရှာဖွေဖော်ထုတ်ခဲ့ရာ မေ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင်  ကလော မြို့နယ်၊ အောင်ပန်းမြို့၊ တောင်ကြီး-ကလော ကားလမ်းဘေး၌ ရပ်တန့်ထားသည့် ၁၂ ဘီးအမျိုးအစား မော်တော်ယာဉ်အား ဇော်မင်းထွေး(ခ) ကျားပေါက် (၂၆)နှစ်နှင့်အတူ တွေ့ရှိရပြီး ၎င်းမော်တော်ယာဉ်အတွင်းမှ အိုက်စ် (မက်သာအဖက်တမင်း) ၁၅၃၄ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူခဲ့ကြောင်း။ 

 

အဆိုပါ ဖမ်းဆီးရမိမှုဖြစ်စဉ် (၂)ခုနှင့်ပတ်သက်၍ အိုက်စ်(မက်သာအဖက်တမင်း) စုစုပေါင်း အလေးချိန် ၃၁၄၉ ကီလို တန်ဖိုးငွေကျပ် ၇၈ ဒသမ ၇၂၅ ဘီလီယံတို့ သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူ အမျိုးသား(၈)ဦး ဖော်ထုတ်ရရှိသည့်အနက် တရားခံအမျိုးသား(၄)ဦးအား ဖမ်းဆီးရမိပြီး တိမ်းရှောင်တရားခံ (၄)ဦးအား ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

သတင်းစဉ်