အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများ ဈေးကောင်းရနေ

မြို့သစ် ဒီဇင်ဘာ ၁၆

 

မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာဈေးအတွင်းသို့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းဒေသမှ ထွက်ရှိဝင်ရောက်လာသည့် ခရမ်းချဉ်သီးများ ယခင်ရက်များထက် ဈေးကောင်းများရရှိနေကြောင်း အဆိုပါဈေးအတွင်းရှိ ခရမ်းချဉ်သီးရောင်းချသူ ကုန်သည်တစ်ဦးထံက သိရသည်။

 

အောင်ပန်းဒေသ ခရမ်းချဉ်သီးများသည် လက်ရှိအချိန်တွင် မြို့သစ်မြို့ စည်ပင်သာယာဈေးသို့ ငါးရက်တစ်ခါ ပုံမှန်ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းများမှာလည်း ယခင်ရက်များထက် ဈေးကောင်းရရှိနေကြောင်း၊ ပြီးခဲ့သည့်နှစ်ပတ်ခန့်က ခရမ်းချဉ်သီးဈေးမှာ တစ်ပိဿာလျှင် အမြင့်ဆုံးဈေးငွေကျပ် ၁၀၀၀ မှ ၁၄၀၀ ကျပ်ထိ ရရှိခဲ့သော်လည်း၊ ယခုလက်ရှိအချိန်တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀ ကျပ်ထိ ဈေးနှုန်းများရရှိနေကြောင်း သိရသည်။

 

“လက်ရှိမှာ ခရမ်းချဉ်သီးကို အောင်ပန်းဒေသဘက်က မှာယူရောင်းချတာပါ။ ကျန်တဲ့ဒေသက ခရမ်းချဉ်သီးက ဈေးကွက်အဝင်နည်းသွားပါတယ်။ မနှစ်က ခရမ်ချဉ်သီးဈေးက မကောင်းဘူး။ အရှုံးပေါ်တာကြောင့် တောင်သူတွေက ဒီနှစ်မှာစိုက်ပျိုးတာ နည်းသွားတယ်။ ခရမ်းချဉ်သီးစိုက်ဧကတွေလည်း အနည်းငယ်လျော့သွားပါတယ်။ အဲဒါကြောင့် ခရမ်းချဉ်သီးဈေးတွေက မြင့်တက်လာပြီး ဈေးကောင်းရရှိနေတာထင်တယ်။ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေမှာလည်း ဆီဈေးတွေ တက်တာလဲပါလောက်တယ်” ဟု မြို့သစ်စည်ပင်သာယာစျေးအတွင်း၌ စျေးရောင်းချသူတစ်ဦးထံက သိရသည်။

 

အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများသည် လက်ရှိအချိန်တွင် မြို့သစ်ဈေးကွက်သို့ ငါးရက်တစ်ကြိမ် ဝင်ရောက်လျက်ရှိနေပြီး ဈေးနှုန်းမှာလည်း ကောင်းမွန်လျက်ရှိကြောင်း၊ ခရမ်းချဉ်သီးများ ဈေးကောင်းရရှိနေခြင်းနှင့်အတူ ကျန်သည့် ကုန်စိမ်းသီးနှံများကိုလည်း ဈေးကောင်းများဖြင့် ပုံမှန်ရောင်းချပေးလျက်ရှိနေကြောင်း သိရသည်။

 

သန်းဝင်းထွန်း(ပြန်/ဆက်)