နေပြည်တော်    ဒီဇင်ဘာ      ၂၃

စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနပညာရှင်များက ထုတ်လုပ်လိုက်သည့် အောင်နိုင်တိုး စပါးမျိုးသစ် ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းသုနေသန စိုက်ကွင်း၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ တာဝန်ရှိသူများ၊ သုတေသီများနှင့် ကွင်းဝန်ထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တောင်သူနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ကွင်းသရုပ်ပြပွဲ၌ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရေမြေသဘာဝ ရာသီဥတုစုံလင်သည့် မိမိတို့ မြန်မာနိုင်ငံ၏ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေးအတွက် ဒေသအလိုက် စိုက်ပျိုးဖြစ်ထွန်းစေမည့် စပါးမျိုးသစ်များကို မိမိတို့ဝန်ကြီးဌာနက ထုတ်လုပ်ခဲ့ရာ ၁၉၇၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဆည်ရေသောက် စပါးမျိုး (၃၄) မျိုး၊ မိုးကောင်းသောက်  စပါးမျိုး (၃၉) မျိုး အပါအဝင် စုစုပေါင်း စပါးမျိုး ၁၃၈ မျိုး ထုတ်ဝေပေးခဲ့ပြီးဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး၌ စိုက်ပျိုးလျက်ရှိသည့် မိုးစပါးစိုက် ဧရိယာ၏ ၈၀ ရာခိုင်နှုန်းခန့်နှင့် နွေစပါး ၉၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ထုတ်လုပ်ထားသည့် စပါးမျိုးများဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခုအောင်နိုင်တိုး စပါးမျိုးသစ်သည် အထွက်ကောင်းခြင်း၊ ပြည်တွင်း၊ ပြည်ပဈေးကွက်ဝင် အရည်အသွေးရှိခြင်း၊ ရောဂါပိုးမွှား ဒဏ်ခံနိုင်သော နွေ၊ မိုး စိုက်ပျိုးနိုင်သည့် သက်လျင်စပါးမျိုးဖြစ်၍ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအသုံးပြုနိုင်ကြစေရန် ယနေ့ကွင်းသရုပ်ပြပွဲကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။  

ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း က အောင်နိုင်တိုးစပါးမျိုးသစ် ထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်ခဲ့မှု၊ မျိုးစေ့နှုန်းထား၊ ပျိုးထောင်ခြင်းနှင့် ပျိုးပင်စောင့်ရှောက်ခြင်း၊ စိုက်ပျိုးနည်းစနစ်အမျိုးမျိုးဖြင့် ဆောင်ရွက်နိုင်မှု၊ အပင်ပြုစုခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းမြက်နှင့် ပိုးမွှားရောဂါနှိမ်နင်းခြင်း၊ အောင်နိုင်တိုး စပါးမျိုးသစ်၏ အရည်အချင်း လက္ခဏာများကို ရှင်းလင်းတင်ပြပြီး တောင်သူများ၏ မေးမြန်းချက်များကို အသေးစိတ်ရှင်းလင်းဖြေကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်သူများ စိုက်ပျိုးရေး လုပ်ငန်းရှင်များနှင့်အတူ အောင်နိုင်တိုးစပါး ရိတ်သိမ်းမှုကို ကြည့်ရှုကြရာ တစ်ဧက စပါးအစို ၁၂၄ တင်းနှုန်း (စပါးအခြောက်-၁၁၆ တင်းနှုန်း) ထွက်ရှိသည့်အတွက် အဆိုပါစပါးမျိုးကို တောင်သူများအနေဖြင့် စိုက်နည်းစနစ် မှန်ကန်စွာဖြင့် စိုက်ပျိုးနိုင်ပါက အထွက်နှုန်းပိုမို တိုးတက်ရရှိပြီး ဝမ်းစာဖူလုံမှုရှိမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်ခြင်းဖြင့် လူမှုစီးပွားဘဝ တိုးတက်လာနိုင်မည် ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန မြေပဲ၊ နေကြာ၊ ပဲပုပ်သုတေသနစိုက်ကွင်းများနှင့် တီမြေဆွေးသုတေသန ဆောင်ရွက်နေမှုများကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်