အောင်မြေသာစံမြို့နယ်၌ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

mdn

မန္တလေး   အောက်တိုဘာ   ၇

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းက အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက်(၂)၊ ၇၆ လမ်း၊ ၁ လမ်းနှင့်၂ လမ်းကြားရှိ ကိုးနဝင်းဓမ္မာရုံ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့သည်။

ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကျော်စိုးနှင့် ဝန်ထမ်းများက အိုးဘိုရွှေကျင်ရပ်ကွက်ရှိ အသက် ၁၈ နှစ်အထက် ၂၉ ဦး၊ အသက် ၁၈ နှစ်အောက် တစ်ဦး စုစုပေါင်း ၃၀ တို့အား နိုင်ငံသား စိစစ်ရေးကတ်များ ဆောင်ရွက်ပေးရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်အောင်နှင့် ရာအိမ်မှူးများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)