အောင်လံမြို့တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

အောင်လံ ၂၀ စက်တင်ဘာ

 

ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသော အလေ့အထကောင်းများ ရရှိစေရန်၊ စာပေများကို အဖြတ်အတောက် မှန်ကန်ပီသစွာ ရွတ်ဆိုတတ်စေရန်၊ ပရိသတ်ရှေ့တွင် ရဲဝံ့စွာ ပြောဆိုတတ်စေရန် ရည်ရွယ်၍ ကျင်းပဆောင်ရွက်သော အလယ်တန်းအဆင့် စာဖတ်စွမ်းရည် ပြိုင်ပွဲကို စက်တင် ဘာ(၁၉)ရက် မွန်းလွဲသုံးနာရီခွဲက အောင်လံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန ခန်းမတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်မျိုးမင်းက စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး လက် ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။ ထို့နောက်  အကဲဖြတ်ဒိုင်အဖွဲ့ဝင် ဦးသန်းထွန်းက ပြိုင်ပွဲ စည်းကမ်းချက်များကို ပြောကြားပြီး ပြိုင်ပွဲကိုစတင်ခဲ့ရာ စခန်းသာ ပရဟိတ ဘုန်းတော် ကြီးကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးက သစ်ပင်လေးတွေ စိုက်ကြ မယ် ခေါင်းစဉ်ပါ ဆောင်းပါးကို ဖတ်ရှုယှဉ်ပြိုင်ခဲ့ကြသည်။

 

ဆက်လက်ပြီး ဆုပေးပွဲကိုကျင်းပရာ အကဲဖြတ်ဒိုင်အဖွဲ့ခေါင်းဆောင် ဦးတင်ဝင်းက ဆုရွေးချယ်မှု အကြောင်းကို ရှင်းလင်းပြောကြားပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ဆုများချီးမြှင့်ကာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား စာအုပ်နှင့် စာရေးကိရိယာများကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။
  
 

သိန်းလွင်(အောင်လံ)