အောင်လအန်ဆန်နှင့် ဖန်ယုံ ပွဲစဉ်ပါဝင်မည့် ONE Fight Night-10 ပြိုင်ပွဲတွင် တွဲဆိုင်း ၁၁ ပွဲ ကျင်းပမည်

 

ရန်ကုန်၊ ဧပြီ ၄

မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်နှင့် တရုတ်နိုင်ငံသား  ဖန်ယုံတို့ ပွဲစဉ်ပါဝင်သည့် ONE Fight Night-10 ပြိုင်ပွဲတွင် တွဲဆိုင်း ၁၁ ပွဲ ကျင်းပမည် ဖြစ်သည်။

 

ONE Championship အဖွဲ့အစည်းသည် ယင်းပြိုင်ပွဲတွင် ပါဝင်မည့်တွဲဆိုင်းများကို ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး Main Event တစ်ပွဲ၊ Co-Main Event နှစ်ပွဲနှင့် စိန်ခေါ်ပွဲ ရှစ်ပွဲပါဝင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ ကျင်းပမည်ဖြစ်ပြီး လက်ရှိချန်ပီယံ ဂျွန်ဆင် (အမေရိကန်) နှင့် စိန်ခေါ်သူ အက်ဒရီယာနို (ဘရာဇီး) ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ Co-Main Event များအဖြစ် မွေထိုင်း ဖလိုင်း ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် လက်ရှိချန်ပီယံ ရော့ထောင်း (ထိုင်း) နှင့် စိန်ခေါ်သူ အက်ဂါ (မက္ကဆီကို)၊ ဖလိုင်းဝိတ်တန်း Submission Grappling ကမ္ဘာ့ချန်ပီယံလုပွဲတွင် လက်ရှိချန်ပီယံ မစ်ကီ (အမေရိကန်) နှင့် စိန်ခေါ်သူ အိုဆင်မန် (အီဂျစ်) တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ စိန်ခေါ်ပွဲများအဖြစ် စတန့် (ထိုင်း) နှင့် အန်ဒါဆင် (အမေရိကန်)၊ ရော်ဘာတို (ခရိုအေးရှား) နှင့် ဇီဘာတီယန် (ဆွီဒင်)၊ အောင်လအန်ဆန် (မြန်မာ) နှင့် ဖန်ယုံ (တရုတ်)၊ ဆာဂီ (အမေရိကန်) နှင့် အာမက် (ပါကစ္စတန်)၊ ဘန်တန် (အမေရိကန်) နှင့် မာတင် (သြစတြေးလျ)၊ ဒီရစ်ဒါ (နယ်သာလန်) နှင့် ရော့တိုလို (အမေရိကန်)၊ ကီရာယတ် (ကာဇက်စတန်) နှင့် ရီဆီမက္ကလာရင် (သြစတြေးလျ)၊ လိုဝန် (အမေရိကန်) နှင့် အော့ရေးယွန် (တောင်ကိုရီးယား)တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ စိန်ခေါ်ပွဲများတွင် အမျိုးသမီးတွဲဆိုင်း နှစ်ပွဲ ပါဝင်မည်ဖြစ်ပြီး ဒီရစ်ဒါနှင့် ရော့တိုလိုတို့ပွဲကို မစ်ဒယ်ဝိတ်တန်း Submission Grappling ပွဲစဉ်အဖြစ် ကျင်းပမည်ဖြစ်သည်။

 

အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ဒုတိယမြောက်ပွဲ ထိုးသတ်ရခြင်းဖြစ်ပြီး ယခုပွဲထပ်မံအနိုင်ရပါက ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲ ထိုးသတ်ခွင့်ရဖွယ် ရှိနေသည်။

 

ကိုညီလေး

ဓာတ်ပုံ- ONE