အောင်လအန်ဆန်၏ Middle ဝိတ်တန်းကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲကို အောက်တိုဘာ (၃၀)ရက်နေ့တွင် ကျင်းပမည်

၁၄ အောက်တိုဘာ

အောက်တိုဘာ(၃၀)ရက်နေ့တွင် အောင်လအန်ဆန်၏ Middle ဝိတ်တန်းကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲကို စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကာကွယ်ပွဲ (၄)ပွဲ ထိုးသတ်သွားမည်ဖြစ်သည်။

အောင်လအန်ဆန်အနေနှင့် နယ်သာလန်နိုင်ငံသား ဒီရိုက်ဒါနှင့် အပြိုင်ထိုးသတ်သွားမည်ဖြစ်ပြီး ဒီရိုက်ဒါအနေနှင့် အောင်လအန်ဆန်ကို စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းများတွင် ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သည့် အောင်လအန်ဆန်အနေနှင့် လိုက်ဟဲဗီးဝိတ်တန်းကို ထိုးသတ်တော့မည်မဟုတ်ဘဲ မစ်ဒယ်ဝိတ်တန်းကိုသာထိုးသတ်သွားမှာဖြစ်ပြီး ယခုစိန်ခေါ်ပွဲကို ယခင်ကတည်းက စီစဉ်ထားခဲ့သော်လည်း Coronavirus-19 ပြဿနာကြောင့် ယခုမှပြန်လည်စီစဉ်ရခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ အတွင်းတွင် အောင်လအန်ဆန်အနေနှင့် Coronavirus ကူးစက်ခံခဲ့ရသော်လည်း ပြန်လည်ကျန်းမာလာပြီး နောက်ပိုင်း လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်ဆင်းခဲ့ခြင်း ဖြစ်သည်။

အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ဒီရိုက်ဒါက တစ်ပွဲမှမရှုံးသေးသည့်စံချိန်တစ်ရပ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ယခုလ အောက်တိုဘာလ (၃၀)ရက်နေ့တွင် ကျင်းပသွားမည့် One Championship ပြိုင်ပွဲတွင် အောင်လအန်ဆန်တို့ ပွဲစဉ်များအပြင် အမျိုးသားလိုက်ဝိတ်တန်း အမျိူးသားဖယ်သာဝိတ်တန်းနှင့် အမျိုးသမီးစထရောဝိတ်တန်းများကို ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ကြောင်း သိရသည်။

 

#ကောင်းဆက်အောင်(MRTV)

 

mdn