အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို အောက်တိုဘာ ၃၀ ရက် ကျင်းပမည်

၆ စက်တင်ဘာ

 

ONE ဝိတ်တန်းနှစ်ခုချန်ပီယံ မြန်မာ MMA ကစားသမား အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲကို အောက်တိုဘာ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်သည်။

 

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။ ONE Championship သည် အောက်တိုဘာ ၃၀ ရက်တွင် Inside The Matrix အမည်ဖြင့် ကျင်းပမည့်ပြိုင်ပွဲတွင် ပါဝင်မည့် ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲ လေးပွဲကို ထုတ်ပြန်ခဲ့ရာ အောင်လအန်ဆန်၏ တွဲဆိုင်းလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

 

ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် အောင်လအန်ဆန်အနေဖြင့် ယခုနှစ်အတွင်း ပထမဆုံးပွဲကို အောက်တိုဘာမှ ယှဉ်ပြိုင်ထိုးသတ်ရခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို ၂၀၁၉ ခုနှစ် မတ်လက နောက်ဆုံးထိုးသတ်ခဲ့ပြီး တစ်နှစ်ခွဲကျော် အကြာမှ ပြန်လည်ထိုးသတ်ရခြင်း ဖြစ်သည်။

 

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ လေးပွဲမြောက်အဖြစ် ဒီရစ်ဒါနှင့် ထိုးသတ်ခြင်း ဖြစ်ပြီး ပြီးခဲ့သည့်သုံးပွဲစလုံး အနိုင်ရထားသည်။ အောင်လအန်ဆန်သည် ဂျပန်နိုင်ငံသား ဟဆဲဂါဝါနှင့် နှစ်ပွဲ၊ လက်ဘနွန်နိုင်ငံသား ကရာကီနှင့် တစ်ပွဲထိုးသတ်ထားရာ သုံးပွဲစလုံး အနိုင်ရပြီး ချန်ပီယံဆုကာကွယ်ထားသည်။ 

 

ဒီရစ်ဒါသည် ၁၂ ပွဲစလုံး အနိုင်ရကာ မှတ်တမ်းကောင်းပိုင်ဆိုင်ထားပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ အောင်လအန်ဆန်သည် ၂၀၁၉ ခုနှစ် အောက်တိုဘာက နောက်ဆုံးထိုးသတ်ခဲ့သည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင်လည်း ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာကို အနိုင်ရထားသည်။

 

အောင်လအန်ဆန်သည် ONE Championship ၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲသုံးပွဲ၊ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ တစ်ပွဲ ထိုးသတ်ထားရာ ပွဲတိုင်းအနိုင်ရထားသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-Onefc