အောင်လအန်ဆန်၏ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးမှု Negative အဖြေထွက်

၁၇  ဇူလိုင်

ONE ဝိတ်တန်းနှစ်ခု ချန်ပီယံ အောင်လအန်ဆန်၏ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးမှုမှာ Negative အဖြေ ထွက်ပေါ်ခဲ့သည်။ အောင်လအန်ဆန်သည် ပြီးခဲ့သည့် စနေနေ့က ပြန်လည်စစ်ဆေးခဲ့ပြီး Negative အဖြေ ထွက်ခဲ့ကြောင်း မြန်မာစံတော်ချိန် ဇူလိုင် ၁၇ ရက် နံနက်ပိုင်းတွင် ၎င်း၏ Facebook မှတစ်ဆင့် အသိပေးခဲ့သည်။

အောင်လအန်ဆန်သည် ဇူလိုင်လဆန်းပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့ပြီး နေအိမ်တွင် Quarantine ပုံစံနေထိုင်ခဲ့ရကာ ပြန်လည်စစ်ဆေးရာတွင် Negative အဖြေထွက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အောင်လအန်ဆန်သည် ပုံမှန်လေ့ကျင့်မှုများ ပြုလုပ်နိုင်တော့မည်ဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအတွက် ဆက်လက်ပြင်ဆင်သွားမည်ဖြစ်သည်။

အောင်လအန်ဆန်သည် ဧပြီလက ရွှေ့ဆိုင်းထားရသည့် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို အောက်တိုဘာတွင် ထိုးသတ်ရဖွယ်ရှိနေပြီး ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်သည် သုံးကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကြိမ်တွင် တစ်ကြိမ်စီ အနိုင်ရထားသည်။

သတင်း-ညီမြတ်သော်တာ