အောင်လအန်ဆန်၏ ချန်ပီယံကာကွယ်ပွဲပါဝင်မည့် Inside the Matrix ပြိုင်ပွဲတွင် တွဲဆိုင်းခြောက်ပွဲ ပါဝင်မည်

၁၃ အောက်တိုဘာ

 

ONE Championship သည် မြန်မာ MMA ကစားသမား အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲပါဝင်မည့် Inside the Matrix ပြိုင်ပွဲတွင် တွဲဆိုင်းခြောက်ပွဲ ထည့်သွင်းကျင်းပမည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲကို စင်ကာပူနိုင်ငံရှိ စင်ကာပူအားကစားရုံတွင် ကျင်းပမည်ဖြစ်ပြီး ချန်ပီယံလုပွဲလေးပွဲနှင့် စိန်ခေါ်ပွဲနှစ်ပွဲ ပါဝင်မည်ဖြစ်သည်။ အောင်လအန်ဆန်၏ ချန်ပီယံကာကွယ်ပွဲကို အဓိကတွဲဆိုင်းအဖြစ် ကျင်းပမည်ဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို လေးပွဲမြောက် ကာကွယ်ရခြင်းဖြစ်သည်။

 

အောင်လအန်ဆန်သည် ပြီးခဲ့သည့်သုံးပွဲတွင် ဂျပန်နိုင်ငံသား ဟဆဲဂါဝါနှင့် နှစ်ပွဲ၊ လက်ဘနွန်နိုင်ငံသား ကရာကီနှင့် တစ်ပွဲထိုးသတ်ခဲ့ရာ သုံးပွဲစလုံး အနိုင်ရထားသည်။ အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ပထမဆုံး ထိုးသတ်ရသည့်ပွဲလည်းဖြစ်ပြီး ယခင်က ဧပြီလတွင်ထိုးသတ်ရန် စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် အောက်တိုဘာလကုန်မှသာ ထိုးသတ်ရခြင်းဖြစ်သည်။

 

Inside the Matrix ပြိုင်ပွဲတွင် ချန်ပီယံကာကွယ်ပွဲများဖြစ်သော မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ အောင်လအန်ဆန်နှင့် စိန်ခေါ်သူ ဒီရစ်ဒါ၊ လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ ခရစ္စတီယန်လီနှင့် စိန်ခေါ်သူ လာပီကတ်စ်၊ ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ မာတင်ငုယင်နှင့် စိန်ခေါ်သူ ထရန်လီ၊ အမျိုးသမီး စထရောဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ ရှောင်ကျင်နန်နှင့် စိန်ခေါ်သူ တက်ဖနီတီယိုတို့ ထိုးသတ်မည်ဖြစ်သည်။

 

စိန်ခေါ်ပွဲနှစ်ပွဲအဖြစ် လိုက်ဝိတ်တန်းတွင် ဖိုလာရန်နှင့် အန်တိုနီယို၊ အမျိုးသမီးပွဲစဉ်တွင် ရီတူဖိုဂတ်နှင့် ဆရီပိုဗ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို အောက်တိုဘာ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-onefc