အဓိကပြည်နယ်များ၏ မဲရလဒ် ရှင်းရှင်းလင်းလင်း မသိရသေးမီ အနိုင်ရရှိကြောင်း သမ္မတ ထရမ့် ကြေညာ မဲရေတွက်မှု ပြီးဆုံးသွားသည့်တိုင်အောင် ရွေးကောက်ပွဲအနိုင်ရကြောင်း အတည်မပြုနိုင်သေးဟု ဒီမိုကရက်သမ္မတလောင်း ဘိုင်ဒင် ပြောကြား

တီလ်မင်တန် ဝါရှင်တန်     နိုဝင်ဘာ

အဓိကအဆုံးအဖြတ်ပြည်နယ်များမှ မဲရလဒ်များ ရှင်းရှင်းလင်းလင်း မသိရှိရသေးမီ သမ္မတ ထရမ့်က ၎င်းသာ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။

ထရမ့်က ပွင့်ပွင့်လင်းလင်းပဲပြောရရင် ကျွန်တော်တို့ အနိုင်ရခဲ့တယ်ဟု အိမ်ဖြူတော်မှနေ၍ ၎င်းကို ထောက်ခံသူများအား ပြောကြားခဲ့ခြင်းဖြစ်သည်။ ထရမ့်က၎င်းအနေဖြင့် ရွေးကောက်ပွဲတွင် ပြိုင်ဘက်ဘိုင်ဒင်ကို အပြတ်အသာရရှိခဲ့ကြောင်းဆိုခဲ့ခြင်းက ဖလော်ရီဒါပြည်နယ်တွင် ၎င်းအနိုင်ရရှိခဲ့မှုကို ရည်ညွှန်း၍ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။ သို့ရာတွင် အဓိက ပြည်နယ်များဖြစ်သည့် ပင်ဆယ်ဗေးနီးယား၊ ဝစ်ကိုဆန်၊ မစ်ချီဂန်နှင့် ဂျော်ဂျီယာ ပြည်နယ်တို့မှ မဲရလဒ်များကို ရှင်းရှင်းလင်းလင်း မသိရှိရသေးသလို ထရမ့်အနေဖြင့် အနိုင်ရရန်လိုအပ်သည့် ရွေးကောက်ပွဲမဲ ၂၇၀ ပြည့်ရန် လိုအပ်နေဆဲဖြစ်ကြောင်း အီဒီဆန် သုတေသနုဖော်ပြချက်အရ သိရသည်။

ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုဘိုင်ဒင်က မဲပေးမှုနှင့် မဲရေတွက်မှု ပြီးဆုံးသည့်တိုင်အောင် ရွေးကောက်ပွဲရလဒ် မပြီးဆုံးသေးသဖြင့် ပြည်သူများအနေဖြင့် စိတ်ရှည်ကြရန် ယနေ့နံနက်အစောပိုင်းတွင် ၎င်းကို ထောက်ခံသူများအား ပန်ကြားခဲ့သည်။

ဘိုင်ဒင်က ဒါက ကျွန်တော့်နေရာလည်း မဟုတ်သလို ထရမ့်ရဲ့နေရာလည်း မဟုတ်ပါဘူး။ လူထုရဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့်ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လမ်းကြောင်းပေါ်ကို ရောက်ရှိနေတယ်ဆိုတာ ယုံကြည်မှုအပြည့်ရှိနေပါတယ် ဟု ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ရီပတ်ဘလီကန်နယ်မြေဟု အများက လက်ခံထားသည့် အရီဇိုးနားပြည်နယ်တွင် ဘိုင်ဒင်အသာရနေသလို ပင်ဆယ်ဗေးနီးယား၊ မြောက်ကယ်ရိုလိုင်းနားနှင့်ဂျော်ဂျီယာတို့တွင် ဘိုင်ဒင်သာ အသာရခဲ့ကြောင်းနှင့် ထရမ့်က ဖလော်ရီဒါ၊ အိုဟိုင်းအိုး၊ တက္ကဆက်စ်နှင့် အိုင်အိုဝါတို့တွင် အနိုင်ရခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။

ကိုးကား- အေအက်ဖ်ပီ၊ ဘာသာပြန်-မေလဲ့သင်း