အစဉ်အားထည့်ရမည့် အမျိုးသားရေးအားမာန်

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို အခြေခံ တည်ဆောက်ခဲ့သော လွတ်လပ်ရေးနေ့ဖြစ်သည်။ ပြည်သူလူထု တစ်ရပ်လုံး၏ စုပေါင်းစွမ်းအားဖြင့် အသက်သွေးချွေး မြောက်မြားစွာ ပေးဆပ်ရယူခဲ့သော လွတ်လပ်ရေးနေ့ဖြစ်သည်။ ထိုမြန်မာ့လွတ်လပ်ရေးကို ခေတ်အဆက်ဆက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့ကြရာ ၇၂ နှစ်ကာလသို့တိုင် ရောက်တော့မည်ဖြစ်သည်။

လွတ်လပ်ရေးနှင့်အတူ ပြည်သူများမှသက်ဆင်းလာသော နိုင်ငံ၏အချုပ်အခြာအာဏာ အဓွန့်ရှည်နေသမျှ ကာလပတ်လုံး ပြည်ထောင်စုသား တိုင်းရင်းသားပြည်သူအားလုံး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်နှင့် ကိုယ့်နိုင်ငံ အခြေတင့်၍ မြင့်သထက်မြင့်အောင် ဆောင်ရွက်နိုင်သော အခွင့်အလမ်း များရှိပေသည်။ မြန်မာတို့၏ဇာတိသွေး ဇာတိမာန် ရှင်သန်နိုးကြားမှု၊ မျိုးချစ်စိတ်ဓာတ် ထက်သန်မှုနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို မြဲသထက်မြဲအောင် တည်ဆောက်နိုင်ခြင်းသည် လွတ်လပ်ရေး အဓွန့်ရှည်ကြာ တည်တံ့စေပေသည်။

မျိုးချစ်စိတ်ဓာတ်၊ ဇာတိသွေး ဇာတိမာန်နှင့် စည်းလုံးညီညွတ်မှု စွမ်းပကားများသည် အမျိုးသားရေး အားမာန်များပင် ဖြစ်သည်။ အမျိုးသားရေး အားမာန်များ ထက်သန်နေသရွေ့ မြန်မာ့လွတ်လပ်ရေးသည်လည်း အဓွန့်ရှည် တည်တံ့ခိုင်မြဲနေမည်ဖြစ်ပြီး အမျိုးသားရေးအားမာန်များ လျော့ကျလာသည်နှင့် လွတ်လပ်ရေးသည်လည်း ယိမ်းယိုင် ချည့်နဲ့လာမည်ဖြစ်သည်။ အမျိုးသားရေးအားမာန်ဟူသည် တိုင်းပြည်လွတ်လပ်ရေး ရယူပေးရေးသာမက တိုင်းပြည်တည်ဆောက်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေး၊ တိုင်းပြည်ငြိမ်းချမ်းရေး၊ ပြည်သူလူထုတစ်ရပ်လုံး လူမှုဘဝမြင့်မားရေးအတွက် တွန်းအားပင် ဖြစ်သည်။

အမျိုးသားရေးအားမာန်သည် တိုင်းပြည်၏ လွတ်လပ်ရေး ရယူရေး၊ လွတ်လပ်ရေး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးတို့သာမက တိုင်းပြည်တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စအဝဝတို့ကိုပါ ဖော်ဆောင်ပေးနိုင်သော စွမ်းအားဖြစ်နေရာ တိုင်းပြည်၏ နေ့ထူးနေ့ရက် အခါသမယတွင် ဖော်ညွှန်းထားသော အမျိုးသားရေး ဦးတည်ချက်များ၏ အမျိုးသားရေး အားမာန်များဖြင့် တိုင်းပြည်နှင့်လူမျိုးအကျိုးကို ဖော်ဆောင်ပေးနိုင်ရေး တိုက်တွန်းနှိုးဆော်ကြရမည် ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားအားလုံး စုပေါင်းအင်အား" ဖြင့် ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော လုပ်ငန်းစဉ်ဖြစ်သည့် တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးတို့ကို ဦးစားပေး လုပ်ဆောင်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် နိုင်ငံသူ နိုင်ငံသားများ၏ တာဝန်သိစိတ်နှင့် အရည်အသွေး မြင့်မားလာစေမည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးတည်ဆောက်ရေးနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းဖြင့် ငြိမ်းချမ်း၍ သာယာဝပြောသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးဟူသည့် အမျိုးသားရေးဦးတည်ချက်များ ချမှတ်ထားသည်။

(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များကို မမှိတ်မသုန် နှလုံးသွင်းပြီး အမျိုးသားရေး စိတ်ဓာတ်အပြည့်အဝဖြင့် အကောင်အထည်ဖော်ခြင်းဖြင့် ရရှိပြီးသော လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်နိုင်မည် ဖြစ်သည့်အပြင် လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲ၍ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ။

သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးက အမျိုးသားရေး ဦးတည်ချက်များ၊ အမျိုးသားရေး အားမာန်များကို မြဲမြံခိုင်ကျည်အောင် အစဉ်နှလုံးသွင်းနိုင်မှ၊ ကြိုးပမ်းအားထုတ်နိုင်မှ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်မည် ဖြစ်သည်။ အမျိုးသားရေးအားမာန်များသည် လွတ်လပ်ရေးနှင့် ထိုက်တန်သည့် တိုင်းပြည်ဂုဏ်ဒြပ်ကို ဆောင်ကြဉ်းပေးနိုင်ပြီး တိုင်းပြည်နှင့်လူမျိုးအကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်သည်။

ကြေးမုံ