အစိုးရနှင့် NCA-S EAO ကိုယ်စားလှယ်များ၏ စတုတ္ထအကြိမ်အလုပ်အဖွဲ့ အစည်းအဝေး ဆက်လက်ကျင်းပ

ရန်ကုန် ၂၅ ဇွန်

 

အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များ (NCA–S EAO)  ၏ စတုတ္ထအကြိမ် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ဆက်လက် ကျင်းပသည်။

 

အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ် ကြီးမင်းနောင် နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို(ခ)ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့တက်ရောက်ကြပြီး NCA - S EAO ကိုယ်စားလှယ်များ အဖြစ် NCA အကောင်အထည်ဖော်မှု ဆိုင်ရာမူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် စဝ်စိုင်းငင်း၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း၊ ညှိနှိုင်းရေး အဖွဲ့ဝင် များဖြစ်ကြသည့် ဦးလှဌေး၊ စောမြရာဇာလင်း၊ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဆလိုင်းထလာဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောအယ်ကလူစေး၊ ဆော်လမွန်၊ စောကျော်ညွန့်၊ နိုင်အောင်မငေး၊ ဒေါက်တာစိုင်းဦးနှင့် ခွန်မြင့်ထွန်းတို့ တက်ရောက်ကြပြီး ကိုဗစ်-၁၉ကြောင့် အစည်းအဝေးသို့ မတက်ရောက်နိုင်သည့် အဝေးရောက် ကိုယ်စားလှယ်များသည် Online Video Conferencing ဖြင့်တက်ရောက်သည်။

 

နှစ်ဖက် ညှိနှိုင်းအစည်းအဝေးတွင် ဇွန် ၂၃ ရက်၌ ဆွေးနွေးခဲ့ကြသည့် NCA အကောင်အထည်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင် အထည် ဖော်မှုများ၊ ဖက်ဒရယ် လမ်းညွှန်အခြေခံမူများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေး မတိုင်မီ ကျင်းပမည့် အစည်းအဝေးအချိန်ဇယား၊ အခင်းအကျင်းတို့နှင့် စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက်များ ရယူခဲ့ကြသည်။

 

အစည်းအဝေးအပြီးတွင် NCA-S EAO ၏ NCA အကောင်အထည်ဖော်မှု ဆိုင်ရာမူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်စဝ်စိုင်းငင်းက နိဂုံးချုပ်အမှာစကား ပြောကြားရာ “  (၈) ကြိမ်မြောက် JICM အစည်းအဝေး အကောင်အထည်ဖော်ရေး အတွက် ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း (၃) မှာ ထည့်သွင်းချုပ်ဆိုမယ့် အကြောင်းအရာတွေဖြစ်တဲ့ NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင် သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ ဖက်ဒရယ်အခြေခံ သဘောတူညီမှုများကို ဒီအစည်းအဝေး မှာ နှစ်ဖက် ညှိနှိုင်းရေးအဖွဲ့တွေအကြား အကျေအလည် ဆွေးနွေးနိုင်ခဲ့ပါတယ်။ သဘော တူညီချက်တွေ ရရှိခဲ့သလို ဆက်လက်ညှိနှိုင်းရမယ့် အချက်တွေလည်း လာမယ့် ညှိနှိုင်း ဆွေးနွေးပွဲတွေမှာ ဆက်လက်သယ်ဆောင် ဆွေးနွေးသွားဖို့လည်း ကျန်ပါတယ်။

 

“JICM နဲ့ UPDJC အစည်းအဝေး ကျင်းပမယ့် အချိန်ကာလကို သက်မှတ်နိုင်ခဲ့သလို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး မတိုင်မီ ကျင်းပမယ့် အစည်းအဝေးများနဲ့ အစည်းအဝေး အချိန်ဇယားကို သက်မှတ်နိုင်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလ အခြေအနေအောက်မှာ ကျင်းပဖို့ရှိတဲ့ လာမယ့် (၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေး ကျင်းပရေးဆိုင်ရာ အခင်းအကျင်းကိုလည်း သဘောတူ နိုင်ပါတယ်။ ပဥ္စမအကြိမ် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့ရဲ့ ဆွေးနွေးပွဲကို လာမယ့် ဇူလိုင် (၂ ၊ ၃ ၊ ၄) နေ့ရက်တွေမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ပြီးပြည့်စုံတဲ့ သဘော တူညီချက်တွေ ဆောင်ကြည်းပေးနိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟုပြောသည်။

 

ဆက်လက်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် “ ဒီ (၃) ရက်အတွင်းမှာ ကျွန်တော်တို့ NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူတွေကို နှစ်ဖက် ဆွေးနွေးတင်ပြနိုင်ခဲ့တယ်။ အချက်အလက်တော်တော်များများကို  သဘောတူညီမှု ရရှိခဲ့သလို ဆက်လက်ဆွေးနွေးရမယ့် အချက်တွေ လည်းရှိပါတယ်။ ကျွန်တော်တို့ နောက်တစ်ကြိမ် ကျင်းပမယ့် နှစ်ဖက် အလုပ်အဖွဲ့ အစည်းအဝေးမှာ ဆက်လက် ဆွေးနွေးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီအစည်းအဝေး ကာလအတွင်းမှာပဲ JMC-U အစည်းအဝေးကို ဇူလိုင် (၇) ရက် (၈) ရက်မှာ ကျင်းပဖို့ သတ်မှတ်နိုင်ခဲ့ပါတယ်။ အလားတူ ညီလာခံ ကျင်းပမယ့်ကာလကို ဩဂုတ်လဒုတိယပတ်မှာ ကျင်းပဖို့ လျာထားသတ်မှတ် နိုင်ပြီးတော့ ညီလာခံတက်ရောက်မယ့် ဦးရေ၊ ကျင်းပမယ့် ပုံစံတွေ၊ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ ဆွေးနွေး ညှိနှိုင်းနိုင်ခဲ့ပါတယ်” ဟု ပြောကြားသည်။

 

အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များ (NCA - S EAO)  ၏ ပဥ္စမအကြိမ် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို လာမည့် ဇူလိုင် ၂ ၊ ၃၊ ၄ ရက်များတွင် ဆက်လက် ကျင်းပ၍ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ချုပ်ဆိုရာတွင် ထည့်သွင်း ချုပ်ဆိုမည့် သဘောတူညီချက်များ ရယူနိုင်ရေး ဆက်လက် ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်သည်။

 

အစည်းအဝေးအပြီး ညနေပိုင်းတွင် အစိုးရ နှင့် (NCA - S EAO) နှစ်ဖက်ကိုယ်စား လှယ်များသည် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ နိုင်ငံရေးပါတီအစုအဖွဲ့မှ UPDJC အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ယနေ့ အစည်းအဝေးမှ ဆွေးနွေးချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

 

သတင်းရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်