အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ဆုံ

ချင်းမိုင် ၂၀  နိုဝင်ဘာ

 

ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦး ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) (၁၀) ဖွဲ့မှ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး-၂ ဦးစိုင်းငင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးနှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)အတွင်းရေးမှူး-၂ ဦးစိုင်းငင်းတို့က ကြိုဆိုနှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့ကြသည်။

 

RCSS အတွင်းရေးမှူး-၂ ဦးစိုင်းငင်းက ငြိမ်းချမ်းရေးလုပ်ငန်းက တစ်ဆို့နေတာ တစ်နှစ်ကျော်ကြာပြီ ဖြစ်ပါတယ်။ ဒါကို ကျော်လွှားနိုင်ဖို့အတွက် အစိုးရနဲ့ NCA-S-EAO  တို့ဟာ အချိန်တော်တော်များများယူပြီး သူ့အဆိုပြုချက်၊ ကိုယ့်အဆိုပြုချက်ကို ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ နှစ်ဖက်ညှိနှိုင်းချက်အရ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ (JICM) အစည်းအဝေးကျင်းပပြီး နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့တွေရဲ့ ညှိနှိုင်း ဆွေးနွေးမဲ့ အကြောင်းအရာတွေကို အတည်ပြုဖို့ စီစဉ်ခဲ့ပေမဲ့ အကြောင်းကြောင်းကြောင့် JICM အစည်းအဝေးကို အခုထက်ထိ ခေါ်ယူကျင်းပနိုင်ခြင်း မရှိသေးတော့ ညှိနှိုင်းဆွေးနွေးအဖွဲ့တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲကိုလည်း မစီစဉ်နိုင်ခဲ့ပါဘူး။ နှစ်ဖက် ညှိနှိုင်းရေးအဖွဲ့တွေ ဆွေးနွေးပြီးမှ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)၊ လုပ်ငန်းကော်မတီ (WC) ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ND) စတဲ့ တရားဝင် အစည်းအဝေးတွေကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်တိုက်ကျင်းပပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးဆီကို လမ်းပွင့်သွားမှာ ဖြစ်တာကြောင့် JICM အစည်းအဝေး အချိန်မီ ကျင်းပနိုင်ရေးကို ကျွန်တော်တို့အားလုံး ကြိုးပမ်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်ဟု ပြောကြားခဲ့သည်။

 

ယနေ့ ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ အစည်းအဝေး (JICM) ခေါ်ယူနိုင်ရေးကိစ္စအား ဦးစားပေးကိစ္စအဖြစ် ဦးတည်ဆွေးနွေးခဲ့ကြပြီး အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၂ ရက်တွင် ကရင်အမျိုးအသား အစည်းအရုံး ကေအဲန်ယူနှင့် ဆက်လက်တွေ့ဆုံ သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယနေ့ အစည်းအဝေးနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး ကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ဒီနေ့ ဆွေးနွေးပွဲက (၁၀) ဖွဲ့ဖြစ်တာကြောင့် ဆွေးနွေးချက်တွေ များပေမဲ့ အဓိကကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ (JICM) အစည်းအဝေးခေါ်ယူဖို့ ဆွေးနွေးတာပါ။ အားလုံးက အပြုသဘောဆောင်ပြီး ဆွေးနွေးတဲ့ အတွက် ဆွေးနွေးမှုရလဒ်ကောင်းတယ်။ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေအကြောင်းနဲ့ ငြိမ်းချမ်းရေးအတွက် ရှေ့လုပ်ငန်းစဉ်တွေ အကြောင်းတွေလည်း ဆွေးနွေးပါတယ်။ ကျွန်တော်တို့တွေ ပြန်တွေ့ဖို့ မူအားဖြင့် သဘောတူထားပေမဲ့ PPST ရဲ့ ဆုံးဖြတ်ချက် အဓိကဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ရဦးမယ်ဟု ပြောသည်။

 

ယနေ့ တွေ့ဆုံဆွေးနွေးပွဲသို့ အစိုးရကိုယ်စားလှယ်များအဖြစ် ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး တို့ တက်ရောက်ကြပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့မှ ကိုယ်စားလှယ်များအဖြစ် ဦးမျိုးဝင်း (ABSDF)၊ ခွန်မြင့်ထွန်း (PNLO)၊ ဒေါ်စောမြရာဇာလင်း (ALP)၊ ဆလိုင်းထလာဟေး (CNF)၊ နိုင်အောင်မငေး (NMSP)၊ စောကျော်ညွှန့် (KNU/KNLA-PC)၊ စောစိန်ဝင်း (DKBA)၊ ပဒိုစောတောနီ (KNU) နှင့် ဆော်လမွန် (LDU) တို့ တက်ရောက်ခဲ့ကြသည်။

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ဒီဇင်ဘာ ၂၊ ၃ ၊ ၄ရက်နေ့များတွင် ကျင်းပရန် သက်မှတ်ထားပြီး အဆိုပါ အစည်းအဝေးများ အပြီးတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ တရားဝင် အစည်းအဝေးများကို ဆက်တိုက်ကျင်းပသွားနိုင်မည် ဖြစ်သည်။

 

သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..HMS