အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(နေပြည်တော်)ကို ယခု ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်တော့မည်

နေပြည်တော် ၁၉ စက်တင်ဘာ

ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အနေ ဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စီမံကိန်းရန်ပုံငွေဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်လက နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ဓနသိဒိ ̈ရပ်ကွက်အတွင်းရှိ မြေအကျယ် ၂၂ ဧကပေါ်၌ စတင်တည်ဆောက်ခဲ့သော အစိုးရ စက်မှုလက်မှုသိပ္ပံ(နေပြည်တော်)သည် ယခုအခါ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်သဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် လာမည့် ဒီဇင်ဘာလတွင် စတင် ဖွင့်လှစ်သင်ကြားတော့မည်ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနသည် ဒေသတွင်း ပညာ သင်ကြားမှု အခွင့်အလမ်းများ တိုးမြှင့်ပေးနိုင်ရန် နှင့် အလုပ်အကိုင် အခွင့်အလမ်းများအတွက် လိုအပ်သည့်အတတ်ပညာနှင့် ကျွမ်းကျင်မှုများကို သင်ကြားပေးရန် ရည်ရွယ်ချက်များဖြင့် အစိုးရ စက်မှုလက်မှုသိပ္ပံ(နေပြည်တော်)ကို တည်ဆောက် ခဲ့ခြင်းဖြစ်ကာ ဘာသာရပ်များအနေဖြင့် မြို့ ပြ ဘာသာရပ်၊ လျှပ်စစ်ဆက်သွယ်ရေးဘာသာရပ်၊ လျှပ်စစ်စွမ်းအား ဘာသာရပ်၊ စက်မှုအင်ဂျင်နီယာ ဘာသာရပ်နှင့် နည်းပညာဘာသာရပ်တို့ကို သင်ကြားမည်ဖြစ်ပြီး ယင်းဘာသာရပ်တစ်ခုစီတွင် ကျောင်းသား ကျောင်းသူ ၄၀ စီ တက်ရောက် သင်ကြားနိုင်မည်ဖြစ်၍ ဘာသာရပ် ငါးခုအတွက် ကျောင်းသား ကျောင်းသူ ၂၀ဝ အား သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ကယားပြည်နယ် လွိုင်ကော်မြို့တွင် တည်ဆောက်လျက်ရှိသော အစိုးရစက်မှုလက်မှုသိပ္ပံ(လွိုင်ကော်)ကိုလည်း ဒီဇင်ဘာလမှာပင် စတင် ဖွင့်လှစ်သင်ကြားပေးတော့မည်ဖြစ်ကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးကျော်သူထံမှ သိရသည်။

အစိုးရ စက်မှုလက်မှုသိပ္ပံ(နေပြည်တော်)မှ ကျောင်းအုပ်ကြီး ဒေါက်တာမင်းမင်းထွန်းကလည်း “ကျွန်တော်တို့ ၂၀၁၉ ဒီဇင်ဘာလမှာ စတင် ဖွင့်လှစ်ဖို့ ဆရာ ဆရာမနဲ့ ဝန်ထမ်းများအပါအဝင် သင်ကြားရေးနဲ့ သင်ထောက်ကူပစ္စည်းများအားလုံး ပြည့်စုံပြီး အဆင်သင့်ဖြစ်နေပါပြီ၊ ဒါ့အပြင် ကျောင်းသားအဆောင် တစ်ဆောင်၊ ကျောင်းသူ အဆောင် တစ်ဆောင်ကိုလည်း ထပ်မံဆောက် လုပ်ဖို့ လျာထားပြီးပါပြီ၊ ကျောင်းသား ရွေးချယ်တဲ့ အခါမှာတော့ တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့သင်္ချာနဲ့ အင်္ဂလိပ် ရမှတ် အနည်းအများအပေါ်မှာ ကြည့်ပြီး ရွေးချယ်တာဖြစ်ပါတယ်၊ အစိုးရ နည်း ပညာအထက်တန်းကျောင်းများကနေ ထူးချွန်စွာ အောင်မြင်တဲ့ ကျောင်းသား ကျောင်းသူ ၂၀ ရာခိုင်နှုန်းကိုလည်း ပေါင်းကူးတက်ရောက်ခွင့် ပေးထားပါတယ်”ဟု ပြောသည်။

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ သန်လျင်မြို့နယ်နှင့် တောင်ဒဂုံမြို့နယ်တို့တွင် လည်း အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းများ ဖွင့်လှစ်နိုင်ရန် စတင်တည်ဆောက်နေပြီး ရန်ကုန် တစ်ဖက်ကမ်း ဒလမြို့နယ်တွင်လည်း ထပ်မံတည် ဆောက်ရန် လျာထားပြီးဖြစ်ကြောင်း၊ အင်းစိန် မြို့နယ်ရှိ ယခင် အောင်ဆန်း စက်မှုလက်မှု အထက်တန်းကျောင်း နေရာတွင်လည်း ဂျပန်-မြန်မာ အောင်ဆန်း အသက်မွေးပညာသင်တန်း ကျောင်းကို ယခုနှစ် ဒီဇင်ဘာ ပထမပတ်တွင် စတင်ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ် ကြောင်း၊ ထို့အပြင် အစိုးရနည်းပညာ ကောလိပ်(ရွှေဘို)နှင့် အစိုးရ စက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ-ကျိုက်လတ်)ကျောင်းများတွင်လည်း စက်မှုလယ်ယာနည်းပညာဘာသာရပ်ကို ၂၀၁၉-၂ဝ၂၀ ပညာသင်နှစ်တွင် ထပ်မံတိုးချဲ့ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (လှိုင်သာယာ)၌လည်း အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများ ဖြစ်သော ကော်ဖီနှင့် ဖျော်ရည်သင်တန်း၊ ပေါင်မုန့်နှင့် ကိတ်မုန့်ဖုတ်နည်းသင်တန်း၊ အရှေ့တိုင်း အနောက်တိုင်း ချက်ပြုတ်နည်း သင်တန်းများအပြင် လာမည့် ပညာသင်နှစ်များ တွင် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများကို လည်း တစ်နိုင်လုံးရှိ အစိုးရနည်းပညာအထက်တန်း ကျောင်းများ အပါအဝင် အစိုးရ စက်မှုလက်မှုသိပ္ပံ ၁၈ ကျောင်းတို့ ၌ ထပ်မံတိုးချဲ့ သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ကိုပေါက်(ဥက္ကာမြေ