မန္တလေး ၂၇ ဧပြီ
အဆင့်မြင့် ဈေးချိုတော်ရှိ ဆိုင်ခန်းများမှ ဆေးဝါးနှင့် စားသောက်ကုန်စည်များကို လူစုလူဝေး မဖြစ်စေရန် စနစ်တကျဖြင့် နံနက် ၁၀ နာရီခွဲမှ စတင်ထုတ်ပေးကာ ဆိုင်ခန်းတစ်ခန်းလျှင် ထုတ်ယူခွင့် နာရီဝက် သတ်မှတ်ပေးထားကြောင်း၊ ပစ္စည်းများသယ်ယူရန် ဆိုင်ခန်းပိုင်ရှင်နှင့် အကူအလုပ်သမားတစ်ဦးသာ ဝင်ရောက်၍ သယ်ယူခွင့် ပေးထားကြောင်း သိရသည်။
မန္တလေးမြို့ အဆင့်မြင့်ဈေးချိုတော်ရှိ ဆေးဝါးနှင့် စားသောက်ကုန်ဆိုင်ခန်းများမှ ဆေးဝါးနှင့် စားသောက်ကုန်စည်များကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးနှင့် သားသတ်ဌာနမှဌာနမှူးနှင့် တာဝန်ရှိသူများ၊ အဆင့်မြင့်ဈေးချိုတော်မှ ဈေးအကျိုးတော်ဆောင်များက ကြီးကြပ်ပြီး စနစ်တကျထုတ်ပေးခဲ့သည်။
“ဆေးဝါးနှင့် အစားအသောက်ကုန်စည်များကို အဓိကထား ထုတ်ပေးသွားမှာပါ။ ဈေးအကျိုးတော်ဆောင်တွေနဲ့ ဈေးဌာနနဲ့ အတူတူလက်တွဲ ကြီးကြပ်ပြီးတော့ လူတွေအုံးအုံးရုန်းရုန်း သွားတာမျိုးမဖြစ်ဘဲ စည်းကမ်းတကျ ထုတ်နိုင်အောင် စီစဉ်ထားပါတယ်။ သုံးရက်ဆက်တိုက် ထုတ်ပေးသွားမှာပါ။ ပြင်ပမှာ အခုအထိုက်အလျောက် ပစ္စည်းပြတ်လပ်မှု ဖြစ်နေပြီး ဈေးထဲမှာရှိတဲ့ ပစ္စည်းတွေကို ထပ်ပြီးလိုအပ်လာတဲ့အတွက်ကြောင့် ထုတ်ယူခွင့်ပေးတာပါ” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
“ယခုထုတ်ပေးတဲ့အနေအထားကတော့ ဆေးကိုအဓိကထားပြီးတော့ ထုတ်ပေးတယ်၊ ကျန်တဲ့ပရဆေးတို့ လူသုံးကုန်အစရှိတာလည်း အခါအားလျော်စွာ ထုတ်ပေးပါတယ်၊ နောက်တစ်ကြိမ်ကတော့ ကျန်နေတဲ့သူလောက်သာ ထပ်ထုတ်ပေးမှာပါ၊ အခုထုတ်ပြီးသား သူတွေကတော့ နောက်တစ်ကြိမ် ထုတ်ခွင့်တော့ မပြုတော့ပါဘူး၊ အခုလည်း တော်တော်များများက လိုအပ်တာတွေ ထုတ်ပေးသွားပြီ” ဟု သဇင်ရုံမြေညီထပ် (E) ရုံ အဆင့်မြင့်ဈေးအကျိုးတော်ဆောင် ဦးဖိုးနီကပြောသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် မတ်လ ၂၉ ရက်မှစတင်ကာ မန္တလေးဈေးချိုနှင့် မန္တလေးမြို့ပေါ်ရှိ ဈေးများအား ယာယီပိတ်ထားပြီး အခြေခံစားသောက်ကုန်ဆိုင်များ၊ သားငါးဆိုင်များနှင့် ဆေးဝါးပစ္စည်းဆိုင်များကို ဖွင့်လှစ်ရောင်းချရှိကြောင်း၊ နိုင်ငံတော်အစိုးရက ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ ညွှန်ကြားချက်များကို မေလ ၁၅ရက် အထိ တိုးမြှင့်ထားကြောင်း ထုတ်ပြန်ကြေညာချက်ကြောင့် ဈေးချိုတော်နှင့် ဈေးများကို မေလ ၁၅ရက်အထိ ထပ်တိုးပိတ်ထားခြင်းဖြစ်ကြောင်းသိရသည်။
ဈေးချိုနှင့် မန္တလေးမြို့ ဈေးအားလုံးကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ပိုးသတ်ဆေးဖျန်းခြင်း၊ ဈေးဝယ်လာသူများနှင့် ဈေးရောင်းသူအားလုံးကို Mask များတပ်ဆင်ရန် ညွှန်ကြားခြင်း၊ အပူချိန်တိုင်းပေးခြင်း၊ Mask များအခမဲ့ဖြန့်ဝေပေးခြင်း၊ လက်ဆေးကန်များ ထားရှိပေးခြင်းနှင့် အသိပညာပေးလုပ် ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိပ်ထားနိုင်


