အဆိုတော် ယုန်လေးနှင့် အနုပညာရှင်များ စုပေါင်း၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသည့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်း

ကိုလင်း

 

အဆိုတော် ယုန်လေး ဦးဆောင်ပြီး အနုပညာရှင်များ နှင့် အခြားအလှူရှင်ပြည်သူများ စုပေါင်း၍ ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသော ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် PPEဝတ်စုံများနှင့် ဆေးပစ္စည်း များကို ဧပြီ ၉ ရက်က သွားရောက်လှူဒါန်းခဲ့သည်။

 

“ကျွန်တော့်အသိ အစ်ကိုတစ်ယောက်က ဆေးရုံကြီးတွေမှာ လိုအပ်နေတာတွေ ရှိနေတယ်လို့ ပြောလာတယ်။ ပထမကတော့ ကျွန်တော်တစ်ယောက်တည်း တတ်နိုင်သလောက် သွားလှူဖို့ပါပဲ။ ဒါပေမယ့် အဲဒီအစ်ကိုက အခြားအနုပညာရှင်တွေပါ ဒီအလှူမှာ ပါဝင်ကြရင် ပိုကောင်းမယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျွန်တော်ရယ်၊ မြင့်မြတ်ရယ်၊ Media 7 က ကိုရွှေမန်းရယ် မတည်အလှူငွေ ထည့်ပြီးတော့ ဘဏ်အကောင့်တစ်ခု ဖွင့်လိုက်ပြီး လိုင်းပေါ်တင်လိုက်တယ်။ အဲဒီမှာ အနုပညာရှင်တွေကလည်း လှူကြသလို အပြင်က လှူကြတာတွေလည်း ရှိပါတယ်။ အားလုံးပေါင်း သိန်း ၁၄၀ လောက် ရပါတယ်။ အဲဒီအလှူငွေတွေနဲ့ PPE ဝတ်စုံတွေ၊ Mask တွေနဲ့ လက်အိတ်တွေ မှာပြီး ဆေးရုံကြီးမှာ လာလှူဖြစ်တာပါ။ အခြားနယ်မြို့တွေက ဆေးရုံတွေမှာ လိုအပ်ရင်လည်း ကျွန်တော်တို့ တတ်နိုင်သလောက် လှူပေးသွားမှာပါ” ဟု အဆိုတော် ယုန်လေးက ပြောသည်။

 

အဆိုပါလှူဒါန်းမှုတွင် ယုန်လေးနှင့်အတူ သရုပ်ဆောင် ခါရာ၊ ထူးခြား၊ ခြူးလေးတို့လည်း လိုက်ပါကူညီပေးခဲ့ကြပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပြင် ခုတင် (၅၀၀) ဆေးရုံသစ်ကြီးနှင့် ဘိုကလေးမြို့ ပြည်သူ့ဆေးရုံများသို့လည်း ကိုဗစ် - ၁၉ ကာကွယ်ရေးသုံး ဆေးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မြန်မာ့အလင်း