အဆိုတော် ဒီမီလိုဗာတိုနှင့် မက်စ်အီရစ်တို့ စေ့စပ်လိုက်ပြီ

၂၅  ဇူလိုင်

သရုပ်ဆောင်နဲ့ အဆိုတော်  ဒီမီလိုဗာတိုတစ်ယောက်တော့ စေ့စပ်သွားပါပြီ။ သူ့ဘဝတစ်လျှောက်လုံး လက်တွဲရမယ့်သူကို တွေ့ရှိသွားပြီလို့ ဒီမီလိုဗာတိုက ဇူလိုင် ၂၃ ရက်မှာပဲ သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ ကြေညာခဲ့ပါတယ်။ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မက်စ်အီရစ်နဲ့ လက်တွဲသွားတော့မယ်လို့ ကြေညာခဲ့တာပါ။

ကမ်းခြေမှာ ဒီမီလိုဗာတိုနဲ့ မက်စ်တို့ ပွေ့ဖက်နေကြတဲ့ပုံကို ပြသခဲ့ပြီး အဲဒီပုံထဲမှာတော့ ဒီမီလိုဗာတိုဟာ စေ့စပ်လက်စွပ် ဝတ်ဆင်ထားခဲ့ပါတယ်။ မက်စ်နဲ့အတူ မိသားစုဘဝစတင်ဖို့လည်း စိတ်လှုပ်ရှားနေပြီလို့ ဒီမီလိုဗာတိုက အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

ဒီမီလိုဗာတိုဟာ သူ့ရဲ့ ချစ်ရေးချစ်ရာကိစ္စနဲ့ ပတ်သက်ပြီး မိဘတွေကို ဖွင့်ဟပြီးနောက် တစ်နှစ်အကြာမှာ အခုလို စေ့စပ်ကြောင်းလမ်းမှု ထွက်ပေါ်လာတာပါ။ နောက်ပြီး ကိုဗစ်-၁၉ ကာလမှာ ခံစားရတဲ့စိတ်ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီးလည်း ဒီမီလိုဗာတိုက ဧပြီလအတွင်းက ပြောပြခဲ့ဖူးပါတယ်။

ကိုဗစ် - ၁၉ ကာလအတွင်းမှာ လူတွေဟာ မသေချာ မရေရာမှုတွေ၊ ကြောက်ရွံ့မှုတွေနဲ့ ရုန်းကန်ရင်ဆိုင်နေရလို့ ကိုဗစ် - ၁၉ ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရတဲ့လူတွေအတွက် အကူအညီပေးရေးအဖွဲ့တွေမှာ ပါဝင်ကူညီပေး နေရတာပဲဖြစ်တယ်လို့ ဒီမီလိုဗာတိုက ပြောခဲ့ပါတယ်။

အီးတီအွန်လိုင်းဒေါ့ကွန်း