အစ္စရေးဝန်ကြီးချုပ် နာ့ဖ်တာလီဘန်းနက် ကိုဗစ်-၁၉ ကူးစက်ခံရ နိုင်ငံတစ်ဝန်း BA.2 အိုမီခရွန် ကိုဗစ်-၁၉ ဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်ဖြစ်ပွား

ဂျေရုစလင် မတ် ၂၉

 

အစ္စရေးဝန်ကြီးချုပ် နာ့ဖ်တာလီဘန်းနက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသည်ဟု ၎င်း၏ရုံးက မတ် ၂၈ ရက်အစောပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

ဝန်ကြီးချုပ်သည် နေထိုင်ကောင်းမွန်လျက်ရှိကြောင်းနှင့် ၎င်း၏အစီအစဉ်များကို စီစဉ်ထားသည့်အတိုင်း နေအိမ်မှ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

 

မတ် ၂၇ ရက်က ဘန်းနက်သည် အလည်အပတ် ရောက်ရှိနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ဂျေရုစလင်တွင် တွေ့ဆုံခဲ့သည်။  ညနေပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားရာ နိုင်ငံမြောက်ပိုင်း ဟာဒယ်ရာမြို့သို့  သွားရောက်ခဲ့ပြီး အဆင့်မြင့် လုံခြုံရေးအရာရှိများနှင့်  အခြေအနေ သုံးသပ်ဆွေးနွေးခဲ့သည်။

 

အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက လွန်ခဲ့သောရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူသစ် ၁၅၅၉၆ ဦးရှိကြောင်း  ဖော်ပြမှုနှင့်အတူ ယခုအခါတွင် နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၈၆၉၈၁၉ ဦး အထိ ရှိလာပြီဖြစ်သည်။

 

နိုင်ငံတစ်ဝန်း BA.2 အိုမီခရွန် ကိုဗစ်-၁၉ ဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်ဖြစ်ပွားမှုများ မြင့်တက်မှုနှင့် ကြုံတွေ့နေရသည်။  ကျန်းမာရေးဝန်ကြီးဌာနသည် ကြာသပတေးနေ့က  အသက် ၆၀ နှစ် အထက်များကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကြေညာပေးခဲ့သည်။

 

ဆင်ဟွာ