အစ္စရေးတွင် အသွားအလာ ကန့်သတ်မှု ထပ်မံချမှတ်

၈ ဇန်နဝါရီ

 

 

အစ္စရေးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ဇန်နဝါရီ ၇ ရက် ညပိုင်းက ထပ်မံချမှတ်ခဲ့ပြီး နိုင်ငံတစ်ဝန်း အသွားအလာ ကန့်သတ်မှု တင်းကျပ်စွာ လုပ်ဆောင်သွားမည် ဖြစ်သည်။

 

 

ပါလီမန်က ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များကို အတည်ပြုခဲ့ပြီးနောက် သန်းခေါင်ယံချိန်တွင် ယင်းသို့ အသွားအလာ ကန့်သတ်မှု ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 

 

ဝန်ကြီးချုပ်ရုံးနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့၏ ပူးတွဲထုတ်ပြန်ချက်အရ ထိုအသွားအလာ ကန့်သတ်မှုကို ဇန်နဝါရီ ၂၁ ရက်တွင် ရုပ်သိမ်းမည်ဟု သိရသည်။

 

 

ထပ်မံချမှတ်ထားသော ကန့်သတ်ချက်များအရ စာသင်ကျောင်းများနှင့် စီးပွားရေး လုပ်ငန်းအများစု ပိတ်ထားမည် ဖြစ်သည်။

 

 

ကန့်သတ်ထားသော နယ်မြေများတွင် လူငါးဦးထက်ပို၍ စုဝေးခြင်း မပြုရန် တားမြစ်ထားသည်။

 

 

ကန့်သတ်ချက်များ ထပ်မံချမှတ်ခြင်း မပြုမီအချိန်က လေယာဉ်လက်မှတ် ဝယ်ယူထားသူများမှအပ အစ္စရေးနိုင်ငံမှ ပျံသန်းမည့် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းမည် ဖြစ်သည်။

 

 

နိုင်ငံတစ်ဝန်း အသွားအလာ ကန့်သတ်မှုကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က  တတိယအကြိမ်မြောက် ချမှတ်ခဲ့သည်။

 

 

လူဦးရေ ကိုးသန်းခန့် နေထိုင်သော အစ္စရေးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄၇၁၀၄၈ ဦး ရှိပြီး ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၃၅၅၂ ဦး ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို