အစ္စရေးနိုင်ငံမြောက်ပိုင်းသို့ လက်ဘနွန်ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်

ဘေရွတ် ဧပြီ ၂၈

အစ္စရေးနိုင်ငံ   မြောက်ပိုင်းသို့ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့က  ဒုံးကျည်များဖြင့်  ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယနေ့ဆင်ဟွာ သတင်းတစ်ရပ်အရ သိရသည်။  ယခု တိုက်ခိုက်မှုသည် လက်ဘနွန်နိုင်ငံ တောင်ပိုင်းရှိ အရပ်သားများ၏ နေအိမ်များအား အစ္စရေးတပ်ဖွဲ့က တိုက်ခိုက်မှု အပေါ် တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ ဒုံးကျည်အလုံး ၄၀ ခန့်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ပြောကြားသည်။

အစ္စရေးစစ်လေယာဉ်များသည် ယနေ့အစောပိုင်းတွင် လက်ဘနွန်နိုင်ငံ အရှေ့ပိုင်းနှင့် အလယ်ပိုင်းရှိ မြို့သုံးမြို့ကို စီးနင်းမှု သုံးကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်မှစတင်၍ ဟစ်ဇ်ဘိုလာအဖွဲ့ က အစ္စရေးဘက်သို့ ဒုံးကျည်များဖြင့် တိုက်ခိုက်ရာမှ တင်းမာမှုများမြင့်တက်လာခဲ့သည်။ အပြန်အလှန်အနေဖြင့် အစ္စရေးက လက်ဘနွန် အရှေ့တောင်ပိုင်းသို့ အမြောက်များဖြင့် ပစ်ခတ်ကာ လက်တုံ့ပြန်ခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ