အစ္စရေးနိုင်ငံက အထက်တန်းကျောင်းသားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမည်

ဂျေရုဆလင်  ဇန်နဝါရီ  ၂၂

အစ္စရေးနိုင်ငံတွင် အသက် ၁၆ နှစ်နှင့်အထက် ရှိသော  အထက်တန်းကျောင်းသားများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း   ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ပြောကြားသည်။

လာမည့်ရက်အနည်းငယ်အတွင်း စတင်မည့် အဆိုပါကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်တွင်  ကျောင်းသားဦးရေ  သုံးသိန်းကျော်အား         ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်းရှိ  ဆရာ  ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း  တာဝန်ရှိသူ များက ဇန်နဝါရီ ၁၀ ရက်တွင် ကြေညာခဲ့သည်။ ယင်းကြေညာချက်ထုတ်ပြန်ပြီးနောက် ပညာရေး ဝန်ထမ်း  ၂၀၃၀၀၀  ကို  ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း  ပညာရေးဝန်ကြီး ဌာနက ပြောကြားသည်။

နိုင်ငံအတွင်းရှိ     ပြည်သူလူထုအား        ကိုဗစ်-၁၉ ကာကွယ်ဆေး   ထိုးနှံပေးခြင်းကို ယမန်နှစ် ဒီဇင်ဘာ ၂၀ ရက်က စတင်ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ၊ အသက် ၆၅ နှစ် အထက်ရှိ သက်ကြီးရွယ်အိုများနှင့် နာတာရှည် ရောဂါသည်များအား ပထမဦးစားပေးအုပ်စု အဖြစ် ထိုးနှံပေးခဲ့သည်။

လက်ရှိအချိန်တွင်     အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရမည့် နိုင်ငံသား များ၏ အသက်အရွယ်ကိုလည်း ၄၀ နှစ်နှင့် အထက်ရှိပြည်သူများသာ  ထိုးနှံပေးမည်ဟု ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း  သိရသည်။  နိုင်ငံအတွင်း    ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပြီးသူ ၂ ဒသမ ၄၄ သန်းကျော်ရှိကြောင်း သိရသည်။ 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ