အစားနဲ့ပဲ ဝိတ်ချတော့မယ်လို့ စဉ်းစားထားတယ်ဆိုရင်

၆ ဧပြီ

 

ဝနေပြီ၊ အဆီတွေ စုနေပြီ။ ပြည့်လာပြီဆိုပြီး မှန်ထဲကြည့်လိုက်တိုင်း၊ အင်္ကျီတွေဝတ်ကြည့်တိုင်း စိတ်ညစ်နေပြီလား။ ဝလာနေမှန်းတော့သိတယ်။ အဆီချဖို့ လေ့ကျင့်ခန်းလုပ်ရမှာလည်း သိတယ်။ ဒါပေမယ့် မအားလို့၊ gym သွားရမှာ ပျင်းလို့၊ လေ့ကျင့်ခန်းလုပ်ပြီး ပြန်နားလိုက်ရင် တရှိန်ထိုး ဝလာမှာ ကြောက်လို့ဆိုပြီး လေကျင့်ခန်းလုပ်ဖို့ တွန့်ဆုတ်နေလား။ တကယ်တော့ လေ့ကျင့်ခန်းက  ကိုယ်အလေးချိန် လျှော့ချတဲ့နေရာမှာ ၂၀ ရာခိုင်နှုန်းလောက်ပဲ အသုံးဝင်တာပါ။

 

ဒီတော့ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းက ဘယ်သူနဲ့ သက်ဆိုင်နေတာလဲ။

 

အစားအသောက်ပါ။ အစားကိုသာ ထိန်းစားနိုင်လို့ကတော့ ကိုယ်အလေးချိန်လျှော့ချနေတဲ့ plan ရဲ့ ၈၀ ရာခိုင်နှုန်းကို ကျော်ဖြတ်ပြီးသားဖြစ်သွားပြီး အချိန်တိုအတွင်း ကိုယ်ပေါ်မှာ စုနေတဲ့ အဆီတွေ ကျသွားမှာပါ။ ဒါပေမယ့် အစားထိန်းစားတဲ့နေရာမှာ နည်းမှန်လမ်းမှန် ဖြစ်ဖို့ကတော့ အဓိက သော့ချက်ပဲဖြစ်ပါတယ်။ ပိန်ချင်လွန်းလို့ ဘာမှ မစားရင် ကျန်းမာရေးကို ထိခိုက်နိုင်သလို ရှောင်ရမှာတွေကို စားမိ၊ စားသင့်တာတွေကို မစားလိုက်မိတဲ့အခါမျိုးတွေမှာ ကိုယ်လုပ်နေတဲ့ ဝိတ်ချတဲ့ လမ်းကြောင်းလွဲသွားပြီး ဝိတ်ကျခြင်းဆိုတဲ့ ပန်းတိုင်းကို ရောက်ဖို့ ကြန့်ကြာနေတတ်တာမျိုး၊ လမ်းခုလတ်မှာတင် လှည့်ပြန်သွားရတာမျိုး ကြုံတတ်ပါတယ်။

 

ဒီတော့ ဝိတ်ချနေတဲ့သူတိုင်း ဒီလို ပုံစံမျိုးလေးတွေ စားသောက်ပေးသင့်ပါတယ်။

 

(၁) မနက်စာမစားဘဲ မနေပါနဲ့။

 

ပိန်ချင်လို့။ ကယ်လိုရီလျှော့ရမှာ မို့လို့ဆိုပြီး မနက်စာ အငတ်ခံလိုက်မယ် ဆိုရင်ကိုယ်ခန္ဓာက ပိုဆာလောင်နေတတ်ပြီး နေ့လယ်စာနဲ့ ညစာကို ပိုစားမိသွားတတ်ပါတယ်။ နောက်ပြီး ညစာစားပြီးနောက်ပိုင်းနဲ့ မနက်စာစားရမယ့် ကြားအချိန်ဟာ ၁၂ နာရီလောက်ပဲ ခြားသင့်တာပါ။ ဥပမာ ညစာကို ၈ နာရီနောက်ပိုင်း ဘာမှမစားတော့ဘူး။ မနက်စာလည်း အလွတ်ခံပြီး နေ့လယ် ၁၂ လောက်မှ အစားပြန်စားရင် ဗိုက်ထဲ အစားမရှိတဲ့အချိန်ဟာ ၁၆ နာရီလောက်ဖြစ်သွားတဲ့အတွက် အစာအိမ်ရောဂါ ဖြစ်ဖို့ အလားအလာ အရမ်းများသွားပါပြီ။ ဒီတော့ ဝိတ်က မကျသေးဘူး အစာအိမ်ကပါထပ်ဖြစ်တော့ လမ်းတစ်ဝက်ကနေ လှည့်ပြန်သွားရပါလိမ့်မယ်။

 

(၂)အစားကို အချိန်မှန်စားပါ။

 

မနက်စာဆို မနက်၈ နာရီ၊ နေ့လယ်စာဆို ၁၂ နာရီ၊ ညစာဆို ညနေ ၆ နာရီလောက်စားပေးတာ အကောင်းဆုံးပါ။ နေ့တိုင်း ဒီလို အချိန်မှန်စားတဲ့အတွက်ကြောင့် အစာအိမ်က ကျင့်သားရသွားပြီး ဆီကြော်မုန့်တွေ သရေစာတွေကို တောင့်တာတာမျိုးတွေ၊ ခဏပြီး ခဏဆာလောင်ခြင်းတွေလည်း ဖြစ်တော့မှာ မဟုတ်ပါဘူး။

 

(၃) အသီးအရွက်တွေကို ဦးစားပေးပါ။

 

ကယ်လိုရီလည်း နည်းတယ်၊ အမျှင်ဓါတ်လည်း ကြွယ်ဝတော့ စားပြီးရင် အဆာလည်းခံတဲ့ အသီးအရွက်တွေက ဝိတ်ကျတဲ့ပန်းတိုင်ကို မြန်မြန်ရောက်ချင်တဲ့သူတိုင်း ဆောင်သွားသင့်တဲ့ ရိက္ခာထုတ်လေးတွေပါ။

 

(၄) နည်းနည်းနဲ့ အကြိမ်ရေ များများစားပါ။

 

နည်းနည်းနဲ့ အကြိမ်ရေများများစားဖန်များလာတဲ့အခါ နောက်ပိုင်း အစားနည်းနည်းပဲ စားတတ်တော့တဲ့ အကျင့်ရသွားပါလိမ့်မယ်။ နောက်ပြီး အစားကို ၃၂ ကြိမ်လောက်ဝါးပြီးမှ မျိုချပါ။ ဒီလို အစားကိုဖြည်းဖြည်းစားတာကြောင့် ဗိုက်ပြည့်ပြီဆိုတဲ့ ဦးနှောက်က အချက်ပြစနစ်ပြန်လာတဲ့အခါ ကိုယ်က အစားတွေ အများကြီး စားမိလျက်သားဖြစ်မနေတော့လို့ အစာလည်းကြေ၊ အစားလျှော့ပြီးသားလည်း ဖြစ်မှာပါ။ ဗိုက်ပြည့်ပြီဆိုတဲ့ အချက်ပြချက် အစာအိမ်ကနေ ဦးနှောက်ဆီကို ရောက်ဖို့အတွက် မိနစ် ၂၀ ကြာပါတယ်။

 

(၅) အစားအရမ်းမရှောင်ပါနဲ့။

 

ဟိုဟာလည်း မစားရဘူး၊ ဒီဟာလည်း စားလို့ မရဘူးဆိုရင် စားချင်လိုက်တာတဲ့ဆိုတဲ့ ဖိစီးမှု ကိုယ်တွင်းမှာ ဖြစ်လာပါတယ်။ လူဆိုတာလည်း မစားရလေ ပိုစားချင်လေ၊ မရလေ ပိုလိုချင်လေမလား။ စားလို့ကောင်းမှန်းသိရက်သားနဲ့ စားခွင့်မရှိဘူးဆိုရင် ပိုစားချင်ပြီပေါ့။ ဒီတော့ ဝိတ်ချတဲ့သူတိုင်း အစားအရမ်းကြီးရှောင်တာဟာ မှန်ကန်တဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။ ကိုယ့်စားရမယ့် ကယ်လိုရီပမာဏအတွင်းရှိနေသရွေ့ ကြိုက်တာစားလို့ရပါတယ်။ သင့်တင့်တဲ့ ပမာဏဖြစ်ဖို့တော့ လိုတာပေါ့။ ဒီတော့ အများကြီးစားမိနိုင်တဲ့ သရေစာမုန့်တွေ အိမ်မှာ အများကြီးဆောင်မထားပါနဲ့။

 

(၆) ရေများများသောက်ပါ။

 

ရေများများသောက်လိုက်ခြင်းဟာ ဗိုက်ကိုပြည့်စေသလို ဆာလောင်တဲ့ စိတ်ကို ပြေပျောက်ပြီးသားလည်းဖြစ်စေပါတယ်။ တစ်ခုရှိတာက ရေများများသောက်ရမယ် ရေပါတယ်ဆိုပြီး အချိုရည်တို့၊ အရက်တို့ လက်ဖက်ရည်တို့ သောက်ပေးနေလို့တော့ မရပါဘူး။ အရက်ဘီယာ အချိုရည်တွေကို ဝိတ်ချနေတဲ့သင့်အတွက်တော့ ရန်သူတွေပါ။

 

(၇) တစ်နေ့တာ စားလိုက်တဲ့ ကယ်လိုရီ မှတ်တမ်း စာအုပ်လေးထားပါ။

 

ကိုယ့်ရဲ့အရပ်ရယ်၊ ကိုယ်အလေးချိန်ရယ်၊ ကိုယ်လက်လှုပ်ရှားမှု ဘယ်လောက်ရှိလဲဆိုတာရယ် အဲဒီ ၃ ခုပေါ်မှာ မူတည်ပြီးတစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီကို တွက်လို့ရပါတယ်။ ထွက်လာတဲ့ အဖြေ ကယ်လိုရီ ပမာဏပေါ်မူတည်ပြီး မနက်စာ၊ နေ့လယ်စာ၊ ညစာ ၃ နပ်လုံးကို ကယ်လိုရီချိန်စားပါ။ အဲဒီအတွက် သီးသန့် မှတ်စုလေးထားပြီး မှတ်ထားတာ ပိုကောင်းပါတယ်။

 

ကိုယ်မှာ တကယ်ဝိတ်ချချင်တဲ့ စိတ်ဆန္ဒပြင်းပြင်းသာရှိမယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ ဘယ်အရာမှ မရှိပါဘူး။ ဒီတော့ တကယ်ဝိတ်ကျရမယ့် ဆိုတဲ့ ဆန္ဒရယ်၊ စိတ်ရှည်ခြင်းရယ်နဲ့ အပေါ်မှာ ပြောထားတဲ့အချက်တွေကိုလိုက်နာတာရယ်သာ ပေါင်းလိုက်မယ်ဆိုရင် အချိန်တိုအတွင်း ကိုယ်လိုချင်တဲ့ သွယ်လျလှပတဲ့ကိုယ်ခန္ဓာလေးကို ပိုင်ဆိုင်နိုင်မှာနော် ။ ။

 

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”