အစာအဆိပ်သင့်နေတာလား

၁၃ စက်တင်ဘာ


အစာအဆိပ်သင့်တယ်ဆိုတာက တစ်ခါတလေမှာ ကိုယ်တိုင်တောင် မသိလိုက်ဘဲ ဖြစ်နေတတ်တဲ့ ရောဂါတစ်မျိုးပါ။ လူတော်တော်များများလည်း ခံစားရလေ့ရှိကြပြီး သေချာလေး ကုသမှုခံယူဖို့ လိုအပ်တဲ့ ရောဂါတစ်မျိုးပါ။ အခုတစ်ခေါက်တော့ အစာအဆိပ်သင့်တာကို အမှုမဲ့အမှတ်မဲ့ ထားမိရာကနေ မလိုအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေမဖြစ်စေဖို့ ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။


အစာအဆိပ်သင့်တယ်ဆိုတာ


အစာအဆိပ်သင့်တယ်ဆိုတဲ့ စကားကတော်တော်လေး ကျယ်ပြန့်သလို ဒီအထဲမှာ ကူးစက်ရောဂါ အမျိုးမျိုး ပါဝင်နေပါတယ်။ ရောဂါပိုး အမျိုးမျိုးကြောင့် ဖြစ်နိုင်သလို ခံစားရတဲ့ ရောဂါလက္ခဏာတွေကလည်း အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ ကူးစက်ခံရတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တွေကွာခြားမှုအလျောက် ခံစားရတဲ့ရောဂါလက္ခဏာတွေကွာခြားနိုင်သလို ခန္ဓာကိုယ်က တုံ့ပြန်မှု ကွာခြားတဲ့အလျောက်လည်း ရောဂါလက္ခဏာတွေကလည်း မတူနိုင်ပါဘူး။


အစာအဆိပ်သင့်တာကို အဓိကဖြစ်စေတဲ့ အကြောင်းအရင်းက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေ ပါဝင်နေတဲ့ အစားအစာတွေကို စားမိတာကြောင့် အများဆုံးဖြစ်ရတာပါ။ ဒီရောဂါပိုးတွေက သေချာကျက်အောင် ချက်လိုက်တဲ့အချိန်မျိုးမှာ သေသွားပြီး ခန္ဓာကိုယ်ကို အန္တရာယ်မပြုနိုင်တော့ပါဘူး။


အစာအဆိပ်မသင့်အောင်ဘာတွေ ဂရုစိုက်ရမလဲ…………


အစာအဆိပ်သင့်ရခြင်းရဲ့ အဓိက အကြောင်းအရင်းက သန့်ရှင်းမှု အားနည်းခြင်းပါ။ ဒီတော့ ဆင်ခြင်ဖို့ဆိုရင် ဒီအချက်လေးတွေကို သတိထားဖို့လိုပါမယ်။


တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။

လက်ကိုသန့်စင်အောင် ဆေးကြောပါ။

အစားအစာတွေကို သေချာကျက်အောင်ချက်ပြုတ်ပါ။

အသားစိမ်း၊ ငါးစိမ်းတွေ မစားပါနဲ့။

သန့်ရှင်းမှုအားနည်းတဲ့ အစားအစာတွေကိုမစားပါနဲ့။

သောက်သုံးရေ သန့်ရှင်းမှုကို ဂရုပြုပါ။

သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကို သေချာလေးဆေးကြောသန့်စင်ပါ။

နို့တွေကို ကျိုပြီးမှသောက်ပါ။

ကြက်ဥအပါအဝင် ဥအမျိုးမျိုးကို အစိမ်းမစားပါနဲ့။


အစာအဆိပ်သင့်နေတာလား ဘယ်လိုသိနိုင်မလဲ………..


အစာအဆိပ်သင့်တဲ့အခါ ခန္ဓာကိုယ်မှာ အခုလို လက္ခဏာတွေခံစားရနိုင်ပါတယ်။


ဗိုက်အောင့်မယ်

ဝမ်းပျက်ဝမ်းလျှောဖြစ်မယ်

ခေါင်းကိုက်မယ်

အော့အန်မယ်

အဖျားတက်မယ်

စားချင်စိတ်မရှိဖြစ်မယ်

ခြေကုန်လက်ပမ်းကျမယ်

ချမ်းတုန်မယ်

မအီမသာဖြစ်မယ်

ကြွက်သားတွေနာကျင်ကိုက်ခဲမယ်

ရေငတ်မယ်

နှုတ်ခမ်းခြောက်မယ်၊ ခံတွင်းခြောက်မယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။


ဘယ်လိုအချိန်မှာ ဆရာဝန်ပြဖို့လိုမလဲ………….


အစာအဆိပ်သင့်တာကြောင့် ဒီလိုလက္ခဏာတွေဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသဖို့လိုပါမယ်။


ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်လာမယ်၊ ခံတွင်းခြောက်မယ်၊ ဆီးမသွားတော့ဘူး။ မျက်လုံးတွေရောင်လာမယ် ဆိုရင်

ဝမ်းတွေတစ်ချိန်လုံးသွားနေမယ်ဆိုရင်

ဘာအရည်မှ သောက်လို့မရတော့ဘူးဖြစ်နေမယ်ဆိုရင်

အော့အန်နေမယ်

အဖျားက ၁၀၂ ဒီဂရီဖာရင်ဟိုက်ထက်ကျော်နေမယ်

ဝမ်းတွေက အမဲရောင်တွေဖြစ်နေမယ်၊ ဝမ်းထဲမှာ သွေးပါမယ်

ကြွက်သားတွေအားနည်းနေမယ်

အမြင်အာရုံတွေဝါးနေမယ်

အာရုံတွေရှုပ်ထွေးမယ်

အသားတွေဝါလာမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးသွားပြဖို့လိုပါတယ်။


ရေးသားသူ - Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”