အစားအစာဘေးကင်းလုံခြုံရေး အလေ့အကျင့်ကောင်းများ ကျင့်သုံးစိုက်ပျိုး

 

နိုင်ငံတော်က လာမည့်စိုက်ပျိုးရာသီတွင် နွေစပါးဧက ၈ ဒသမ ၅ သိန်းနှင့် ပဲတီစိမ်းဧက ၅ သိန်းကို အကျိုးတူ လယ်ယာစနစ်ဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံစီးပွား မြှင့်တင်ရေး ရန်ပုံငွေကျပ် ဘီလီယံ ၄၀၀ အနက်မှ ကျပ်ဘီလီယံ ၂၃၀ မတည် ထူထောင်ပေးထားရာ ဆောင်းသီးနှံ ပဲတီစိမ်းကို လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ ကန်ထရိုက်၊ ကုမ္ပဏီများ၊ တောင်သူလယ်သမားများ စတင်ကြိုးပမ်းနေကြပြီဖြစ်ကြောင်း သတင်းများတွင် တွေ့ရသည်။

 

ပဲတီစိမ်းကို စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးများနှင့် မွန်၊ ကရင်ပြည်နယ်တို့တွင် အများအပြား စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံမှ ထွက်သည့် ပဲတီစိမ်းကို နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တရုတ်နိုင်ငံမှ ကုန်သည်များကဝယ်ယူပြီး ပြန်လည်သန့်စင်၍ ၎င်းတို့၏ ကုမ္ပဏီတံဆိပ်များဖြင့် ပြည်မထဲတွင် ပြန်လည် ရောင်းချကြကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပဲတီစိမ်းကို မုန့်၊ ပဲကြာဆံ၊ ပဲနို့ အပါအဝင် စားသောက်ကုန်များ ထုတ်လုပ်ပြီး အခြားနိုင်ငံများသို့ ထပ်ဆင့်ရောင်းချကြကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ပဲတီစိမ်းများကို ပြည်ပဈေးကွက်သို့ တင်ပို့ရာတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းပါဝင်မှုများပြားခြင်း၊ ဝမ်းပျက်ဝမ်းလျှောနှင့် အစာအဆိပ်သင့်ရောဂါ ဖြစ်ပွားစေသည့် ရောဂါပိုးမွှားပါဝင်ခြင်း စသည့်အကြောင်းများကြောင့် ဝယ်ယူသည့် နိုင်ငံကလက်မခံဘဲ ပြန်ပို့ခဲ့သည့် ဖြစ်စဉ်များ ယခင်က ဖြစ်ပွားခဲ့ဖူးရာ ၎င်းဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပေါ်စေရေးအတွက် စိုက်ကွင်းများတွင် စိုက်ပျိုးချိန်မှ သည် ထုပ်ပိုးတင်ပို့ချိန်အထိ အစားအစာ ဘေးကင်းလုံခြုံမှုဆိုင်ရာ အလေ့အကျင့်ကောင်းများကို ပါဝင်ဆောင်ရွက်သူအားလုံးက ကျင့်သုံးနိုင်ရေး ပညာပေးရမည်ဖြစ်သကဲ့သို့ ရေရှည်တွင် တန်ဖိုးမြှင့် ထုတ်ကုန်များကို ပြည်တွင်း၌ပင် အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်ပြီး ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး အတွက်လည်း ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်သည်။

 

ပဲတီစိမ်းစိုက်ပျိုးမည့် မြေ၊ ရေတို့ သန့်စင်ရေးအတွက် ဓာတုနှင့် ဇီဝဆိုင်ရာ အန္တရာယ်ဖြစ်ပေါ်စေနိုင်သည့် အခြေအနေတို့ကို ရှောင်ရှား၊ ဖယ်ရှားနိုင်ရန် လိုအပ်သည်။ ဥပမာအားဖြင့် တိရစ္ဆာန် မွေးမြူရေး၊ စက်မှုလုပ်ငန်းစသည်တို့ ပြုလုပ်ခဲ့သည့်နေရာဟောင်းများ၊ အမှိုက်ပုံနေရာဟောင်းများ၊ ဆေးရုံဆေးခန်း နေရာဟောင်းများ စသည်ဖြင့် ဓာတုနှင့်ဇီဝဆိုင်ရာ အန္တရာယ်ရှိနိုင်သည့် နေရာမျိုးမဖြစ်ရန်လိုသည်။ ယင်းသို့သော နေရာများကို ဖြတ်သန်းစီးဆင်းလာသည့် ရေများ၊ မိလ္လာရေနှင့် ရေဆိုးများ၊ စက်ရုံစွန့်ပစ်ရေများကို စိုက်ပျိုးရေအဖြစ်မသုံးရန် ရှောင်ရှားကြရ မည်ဖြစ်သည်။ စိုက်ပျိုးရေးသုံးဓာတုဆေးများကို အနည်းဆုံးသုံးစွဲရန်၊ အသိအမှတ်ပြု တရားဝင် ဓာတုဆေးကိုသာ စနစ်တကျ သုံးစွဲရန်နှင့် ဆေးဖျန်းပြီးနောက် စောင့်ဆိုင်းရမည့် ကာလအတိုင်း တိတိကျကျ စောင့်ဆိုင်းပြီးမှ ရိတ်သိမ်းရန် စသည်တို့ကိုလည်း လိုက်နာကြရမည်ဖြစ်သည်။

 

နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အဘက်ဘက်မှ ပံ့ပိုးကူညီမှုများနှင့်အတူ စိုက်ပျိုးရေးကဏ္ဍတွင် တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ကန်ထရိုက်များနှင့် တောင်သူများ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြခြင်းအားဖြင့် အချိန်တိုအတွင်း အကျိုးရလဒ်ကောင်းများ ဖြစ်ပေါ်လာမည်ဖြစ်သည်ဟု ယုံကြည် ပါကြောင်း။ ။

 

မြန်မာ့အလင်း