အဘိဓမ္မာဒေသနာ ရက်ပေါင်း(၉၀)ကြာ

ဓမ္မသာမိ၊ မာရဇိဟု၊ သာကီဦးသျှောင်၊ ငါးမာရ် အောင်မြင်ဘုရားရှင်သည် ဓမ္မိဿရ ထွတ်ဖျား၊ ဘုရားဖြစ်တော်မူသည်မှ ခုနစ်ဝါမြောက်သောနှစ်တွင် တာဝတိံသာ နန်းသိင်္ဂါဝယ် ဣန္ဒာသန ဓမ္မပလ္လင်ကသစ်ပင်အောက် ဘုန်းရှိန်ဆောက်သား မြကျောက်နုလွှာ ပဏ္ဍုကမ္ဗလာ၌ စက္ကဝါပေါင်း တိုက်တစ်သောင်းမှ ခညောင်းရောက်လာကြကုန်သော မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတ နတ်သားအမှူးရှိသော နတ်ဗြဟ္မာတို့အား ဘဝသုံးခင်း နှောင်အိမ်တွင်းမှ ကျော်နင်းလွတ်မြောက်ကြပါစေခြင်းအကျိုးငှာ ဂမ္ဘီရာနည်းစုံပြွမ်းသည့် နက်နဲကျယ်ဝှမ်း အဘိဓမ္မာခုနစ်ကျမ်းတည်းဟူသော တရားတော်ကို လူတို့၏ သတ်မှတ်ချက်ချိန်တာ ကာလအားဖြင့် ဝါတွင်းသုံးလ (ရက်ပေါင်း ၉၀) ကာလပတ်လုံး အကျယ်အားဖြင့် ဟောကြားတော်မူခဲ့ပါသည်။ (တာဝတိံသာနတ်တို့၏ သတ်မှတ်ချက်ချိန်တာ ကာလအားဖြင့် မိနစ်ပိုင်းမျှသာရှိကြောင်း ပဋ္ဌာန်းအရကောက်ကျမ်းတွင် ဖွင့်ဆိုဖော်ပြထားပါသည်။) 

ထို့ပြင် သီတင်းကျွတ်လပြည့်နေ့၌ စန္ဒကူးနံ့သာတောဝယ် လက်ယာတော်ရံ အရှင်သာရိ ပုတ္တရာအား အကျဉ်းသင်္ခေပနည်းဖြင့် ဟောကြားတော်မူခဲ့ပါသည်။ 

ထိုသီတင်းကျွတ်လပြည့်နေ့၌ပင် လက်ယာတော်ရံ အရှင်သာရိပုတ္တရာအရှင်မြတ်က လင်းနို့ သားဖြစ်ခဲ့ဖူးသော တပည့်ရဟန်းငါးရာတို့အား မကျဉ်းမကျယ်ဟောကြားတော်မူခဲ့ပါသည်။ 

ဤအဘိဓမ္မာတွင်ခေါ် ပိဋကတ်တော်ကြီးသည် သုတ္တန်နှင့် ဝိနယတို့လို အကျဉ်းမျှမဟုတ်ဘဲ အစိတ်စိတ်နည်းအမြွှာမြွှာတို့ဖြင့် ဝိတ္ထာရာဝိတ္ထာရ ဟောကြားတော်မူသော လောကုတ္တရာတရားတော် မြတ်ဖြစ်ပါပေ၏။ ဓမ္မသဘော ဟောသင့်သမျှ မခြွင်းချန်ဘဲ ကဲလွန်စွာဟောကြားအပ်သော တရားတော်မြတ်လည်းဖြစ်ပါပေ၏။ သုတ္တန်ဝိနည်းတရားတော် တို့ထက် ဝိသေသဆန်းပြားသော တရားတော်မြတ်လည်းဖြစ်ပါပေ၏။ ရွတ်ဖတ်နာခံကျင့်ကြံသသူ နတ်နှင့်လူတို့အား ပဋိသမ္ဘိဒါ သညာထင်ရှားဉာဏ် လေးပါးနှင့်တကွ များပြားဥဿုံသမ္ပတ္တိကျေးဇူးဂုဏ်ကို အစဉ်ပင်ပေးတတ်ပါပေ၏။

ဓမ္မသင်္ဂဏီကျမ်း

ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် အဘိဓမ္မာခုနစ် ကျမ်းအနက် ဓမ္မသင်္ဂဏီကျမ်းကို လူတို့၏ သတ်မှတ်ချက်ချိန်တာကာလအားဖြင့် ၁၂ ရက်ကြာ ဟောကြားတော်မူခဲ့ပါသည်။ ထိုဓမ္မသင်္ဂဏီ အမည်သာဆန်း ပထမအဘိဓမ္မာကျမ်းကို အနဝဇ္ဇသာဝဇ္ဇက စသည်ပြောထူသဘောချင်းတူကြကုန်သော ကုသိုလ်၊ အကုသိုလ် ထိုထိုများတောင်း တရားအပေါင်းတို့ကို တိက်ဗာဝိသာဒုက်တစ်ရာတို့ဖြင့် အကျယ်တစ်ရပ် အလတ်တစ်ထုံး အကျဉ်းဆုံးဟု သုံးတန်ဆင့်ပွားနည်းအပြားတို့ဖြင့် ဟောကြားတော်မူခဲ့ပါသည်။ 

ဝိဘင်းအဘိဓမ္မာကျမ်း

ဝိဘင်းခေါ်မှန်း ဒုတိယအဘိဓမ္မာကျမ်းကို ၁၂ ရက်ကြာ ဟောကြားတော်မူခဲ့ပါသည်။ ဝိဘင်း တွင်ခေါ် ဤတရားတော်မြတ်ကြီးသည် ဤကိုယ်ကာယတစ်လံမျှဝယ် ဓမ္မရုပ်နာမ် ဖြစ်ချုပ် မှန်၏။ ရုပ်နမ်နှစ်ပါး ချန်လှပ်ထား၍ ဤကားလိပ်ပြာ၊ ဤကားငါဟု ဆံလွှာမြူမျှရှာမရသား ဓမ္မဝဝတ္ထာန် အမြင်မှန်ကို တစ်ရံမနှေး အသိပညာပေးတတ်ပါသော တရားတော်မြတ်ဖြစ်ပါသည်။

ဓာတုကထာအဘိဓမ္မာတရားတော်မြတ် 

ဓာတုကထာ မည်သာတွင်မှတ် အဘိဓမ္မာ တရားတော်မြတ်ကို ခြောက်ရက်ကြာဟောကြား တော်မူခဲ့ပါသည်။ ဓာတုကထာ မည်သာတင့်ဆန်း အဘိဓမ္မာကျမ်းသည် သူတော်စင်အပေါင်း သူမြတ်လောင်းတို့အား တစ်ဆယ့်ရှစ်ပါးဓာတ်အပြားတို့၌ လိမ္မာကျွမ်းကျင် ဉာဏ်အမြင်ကို အစဉ်မနား တိုးပွားဖြစ်ထွန်းစေတတ်သော တရားတော်မြတ်ဖြစ်ပါသည်။ 

ပုဂ္ဂလပညတ် အဘိဓမ္မာကျမ်း

ပုဂ္ဂလပညတ် ခေါ်မှတ်တင့်ဆန်း စတုတ္ထအဘိဓမ္မာကျမ်းကို ခုနစ်ရက်ကြာ ဟောကြားတော်မူ ခဲ့ပါသည်။ ထိုပုဂ္ဂလပညတ် ခေါ်မှတ်မည်ဆန်း စတုတ္ထအဘိဓမ္မာကျမ်းသည် အနမတဂ်သံသာ စက်မှ ခုထက်တိုင်ပင် အမျှင်မပြတ် စွဲယူမှတ်သည့် သတ္တဒိဋ္ဌိဝိပရိဖောက်ပြားအယူမှားကို ပယ်ရှား ဖြတ်တောက်နိုင်သည့် တရားတော်မြတ်ဖြစ်ပါသည်။ 

ကထာဝတ္ထု အဘိဓမ္မာကျမ်း 

ကထာဝတ္ထု ခေါ်တွင်ပြုသား ဓမ္မုပဒေသ နယထူဆန်း ပဉ္စမအဘိဓမ္မာကျမ်းကို ရှစ်ရက်ကြာ ဟောကြားတော်မူခဲ့ပါသည်။ ကထာဝတ္ထု ခေါ်တွင်ပြုသား ဓမ္မုပဒေသ နယမြားမြောင်တရားတည်း ဟူသော အရုဏ်ရောင်ဖြင့် သစ္စာလေးဆင့် တွေးတွေးရင့်အောင် ပွင့်စေထွန်းစေ ပွင့်ထွန်းတော်မူစေခဲ့ပြီး မိစ္ဆာဝါဒီ လူဗာဟီတို့၏ မိစ္ဆာဒိဋ္ဌိ ဖုံးအုပ်ဖိ၍ ပြောမိပြောမှားဝါဒများကို ပယ်ရှားနှိမ်နင်းတော်မူခဲ့ပါသည်။

ယမကအဘိဓမ္မာတရားတော်

ယမကတွင်ခေါ် ခြောက်ဆင့်မြောက် အဘိဓမ္မာတရားတော်ကို ရက်ပေါင်း ၂၀ ကြာ ဟောကြားတော်မူခဲ့ပါသည်။ ယမကခေါ်မှန်း ခြောက်ဆင့်မြောက် အဘိဓမ္မာကျမ်းကို သောင်းစက္ကဝါ နတ်ဗြဟ္မာတို့ သိပါစေဟူ ပြတော်မူလျက် မူလယမက ခန္ဓယမက စသည်ဆယ်ပါး အပြားအားဖြင့် ထင်ရှားထုတ်ဖော်ဟောကြားတော် မူခဲ့ပါသည်။ 

ပဋ္ဌာန်းတွင်ခေါ် အဘိဓမ္မာတရားတော်

ဓမ္မသင်္ဂဏီမှထောက် ခုနစ်ဆင့်မြောက်သော ပဋ္ဌာန်းတွင်ခေါ် အဘိဓမ္မာတရားတော်ကို ရက်ပေါင်း ၂၅ ရက်ကြာ ဟောကြားတော်မူခဲ့ပါသည်။ ပဋ္ဌာန်းတွင်ခေါ် တရားတော်ကြီးကို ဉာဏ်စက္ခုဖြင့် ကြည့်ရှုဆုံးဖြတ် သုံးသပ်တော်မူသော သကျဇိနော် စိန္တေယျော်၏ ရွှေတောင်နှုန်းလျော် မြတ်ကိုယ်တော်မှ ရောင်တော်ခြောက်သွယ် ပန်းနွယ်ပန်းညွန့်တို့သည် ဝန်းကျင်နှံ့စပ် အရပ်ဒီသာဆယ်မျက်နှာတို့သို့ စက္ကဝါနခမ်း အထက်အဇဋာပြည့်လျှမ်းအောင် အဆန်းတကြယ်ယှက်ကူး၍ ကွန့်မြူးထွက်ကြွတော်မူကြပြီး ဉာဏသာဂရ ဂုဏ်လျှံပသား သဗ္ဗညုတရွှေဉာဏ်တော်၏ ဂေါစရဂါမ်မှတ်သား ကျက်စားရာလည်းဖြစ်တော်မူပါသည်။
 
အဘိဓမ္မာ ခုနစ်ကျမ်းတရား ဟောကြားတော် မူသော ရက်(ကာလ)တို့ကို သူတော်စင်ဓမ္မမိတ်ဆွေအပေါင်းတို့ သိရှိကြည်ညို ကုသိုလ်ယူနိုင်ကြပါစေရန် ဗုဒ္ဓ ဘုရားရှင်ဟောကြားတော်မူခဲ့သော “အဘိဓမ္မာ ဒေသနာ ရက်ပေါင်း ၉၀ ကြာ” ဟူ၍ ပဋ္ဌာန်းအရ ကောက်ကျမ်းလာ မှတ်တမ်းတင်ကဗျာကို မျှဝေဖော်ပြအပ်ပါသည် -

ဓမ္မသင် ဝိဘင်္ဂ၊ ဒွါဒသ ရက်စီ၊ 

ခြောက်ရက်ကြာ ကျမ်းဓာတုက်ရယ်နှင့် 

ပုဂ္ဂလာခုနစ်ရက် ဟောမြွက်ခဲ့သည်။ 

ကထာဝတ် ရက်ရှစ်ညီ၊ 

ဝီသာ ပယမိုက်ကျမ်း 

ပဉ္စဝီ ပဌာနရယ်လို့ 

လ သုံးလီ မယ်တော်မိကို 

ဟောသည့်ရက်တမ်း။         ။

 မှီငြမ်း။     ။    ပဋ္ဌာန်းအရကောက်ကျမ်းနှင့် တိပိ ဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်း တောင်ရိုး ဓမ္မနာဒ ဆရာတော်ကြီး၏ အဘိဓမ္မာအခါတော်နေ့ ကျူးရင့်သံ စာစောင်တို့ကို မှီငြမ်းပါသည်။

မြဝင်း(ဓမ္မာစရိယ ဥပဒေ)