အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ်နှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း (၂၆)ကြိမ်မြောက် စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ်နှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း(၂၆)ကြိမ်မြောက် စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပခဲ့သည်။

 

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ အမှူးပြုသော  ဆရာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာအောင်ပုဂ္ဂိုလ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလထံမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ပရိသတ်က ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။

 

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ဘဒ္ဒန္တနာဂိတ ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ပရိသတ်က သြဝါဒကထာနာယူခဲ့ကြသည်။

 

ဆက်လက်၍ အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ်နှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း သင်တန်းမှူးဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝါယာမသာရ က သင်တန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများကိုလျှောက်ထားပြီး တာဝန်ရှိသူများ၊ အလှူရှင်များနှင့်အတူ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် အခမ်းအနားမှူးက အလှူရှင်စာရင်းအကျဉ်းချုပ်ကို ဖတ်ကြားလျှောက်ထားပြီး ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများက စာအောင်ပုဂ္ဂိုလ်များ၊ ကျောင်းသား၊ ကျောင်းသူများအား ဆုတံဆိပ်၊ ဆုလက်မှတ်နှင့် ဆုစာအုပ်များ ချီးမြှင့်ကြသည်။

 

(သတင်းစဉ်)