အဲဗာတန်အသင်းက ယူကရိန်းနောက်ခံလူ မိုင်ကိုလန်ကိုအား လေးနှစ်ခွဲသက်တမ်းရှိစာချုပ်တစ်ရပ်ဖြင့် စာချုပ်ချုပ်ဆိုခေါ်ယူ

ဇန်နဝါရီ   ၂

ပရီမီယာလိဂ် အဲဗာတန်အသင်းဟာ ယူကရိန်းကလပ် ဒိုင်နမိုကိဗ်အသင်းမှ ယူကရိန်းနောက်တန်း ကစားသမား မိုင်ကိုလန်ကိုအား လေးနှစ်ခွဲသက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဘယ်နောက်ခံကစားသမား မိုင်ကိုလန်ကိုဟာ ယူကရိန်းနိုင်ငံ လက်ရွေးစင်အသင်းနဲ့အတူ ပွဲစဉ် စုစုပေါင်း ၂၁ ပွဲအထိ ပါဝင်ကစားပေးထားပြီး ယူကရိန်းနိုင်ငံ လက်ရွေးစင်အသင်းအား ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့် တက်လှမ်းနိုင်ရေး စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးအပါအဝင်လည်း ဖြစ်ပါတယ်။

အဲဗာတန်အသင်းက အသက် ၂၂ နှစ်အရွယ် နောက်တန်းကစားသမား မိုင်ကိုလန်ကို၏ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး ဖော်ပြထားခြင်းမရှိခဲ့ပေမယ့် ပြောင်းရွှေ့ကြေးပေါင် ၁၇ သန်း အထက်မှာ ရှိလိမ့်မယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

“ပရီမီယာလိဂ်ပြိုင်ပွဲဟာ ကျွန်တော်ကစားဖို့ အမြဲတမ်းစိတ်ကူးယဉ်အိပ်မက်ခဲ့တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်”လို့ နောက်တန်းကစားသမား မိုင်ကိုလန်ကိုက အဲဗာတန်အသင်းနဲ့ စာချုပ်ချုပ်ဆိုပြီးနောက် အသင်းရဲ့ ဝက်ဘ်ဆိုက်မှတစ်ဆင့် ပြောကြားခဲ့ပါတယ်။

မိုင်ကိုလန်ကိုဟာ အဲဗာတန်အသင်းနည်းပြ ရာဖေးလ်ဘင်နီတက်ဇ်လက်ထက် စာချုပ် ချုပ်ဆိုခေါ်ယူခဲ့တဲ့ ခြောက်ဦးမြောက်ကစားသမားလည်း ဖြစ်လာခဲ့ပြီး ယူကရိန်းကလပ် ဒိုင်နမိုကိဗ်အသင်းအတွက် ပွဲစဉ်စုစုပေါင်း ၁၃၂ ပွဲ ပါဝင်ကစားပေးထားကာ ယူကရိန်းလိဂ်ဖလား ကိုလည်း ရယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ငွေကြယ်